
ဥရောပပါလီမန်အတွင်း အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်နေမှု စွပ်စွဲချက်တွေနဲ့ ဆက်နွှယ်ပြီး စစ်ဆေးမေးမြန်းဖို့အတွက် လူအများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက မတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဖက်ဒရယ်ရဲတပ်ဖွဲ့တွေဟာ ရှာဖွေမှု ၂၁ ခုကို ဘရပ်ဆဲလ်ဒေသအပြင် ဖလန်ဒါးစ်၊ ဝေါလိုနီးယားနဲ့ ပေါ်တူဂီ တို့မှာ ပြုလုပ်ခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
အစိုးရရှေ့နေတွေဟာ ပါဝင်ပတ်သက်သူတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသလို နောက်ထပ် မှတ်ချက်တွေလည်း မရရှိနိုင်ပါဘူး။
ဥရောပပါလီမန်အဖွဲ့ဝင်တွေထဲက အကျင့်ပျက်ခြစားတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒါကို ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက မနက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ သံသယရှိသူတွေနဲ့ ဥရောပကော်မရှင်တို့အကြား အဆက်အသွယ် ရှိ မရှိနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်က မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူက သူတို့မှာ အတိအကျ မှတ်ချက်ပေးဖို့ မရှိကြောင်း ပြောပါတယ်။
၂၀၂၁ ခုနှစ်ကနေ အခုချိန်ထိ အကျင့်ပျက်ခြစားမှု၊ အထောက်အထားနဲ့ လက်မှတ်တွေ အတုအပ ပြုလုပ်မှု၊ စာရွက်စာတမ်း အတုတွေကို အသုံးပြုခြင်းတွေဟာ ပုံမှန်လိုလိုနဲ့ သိုသိုသိပ်သိပ် လုပ်နေတယ်လို့ ယုံကြည်ရကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
နိုင်ငံရေးရာထူးတွေ ရယူဖို့အတွက် အခကြေးငွေလိုမျိုး၊ ဒါမှမဟုတ် အစားအသောက်နဲ့ ခရီးစရိတ်တွေ သို့မဟုတ် ဘောလုံးပွဲတွေကို ပုံမှန်ဖိတ်ကြားမှုတွေလိုမျိုး အလွန်အကျွံ လက်ဆောင်ပေးသလိုမျိုးနဲ့ ပုံစံအမျိုးမျိုးယူပြီး စီးပွားဖြစ် လှည့်ဖြားစည်းရုံးမှုမျိုး အသွင်အောက်မှာ ဖြစ်သွားတာလို့လည်း ဆိုပါတယ်။
ငွေကြေးခဝါချမှုဆိုင်ရာ အထောက်အထားတွေကိုလည်း ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
Source : Reuters










