DVB Logo
Home
နိုင်ငံတကာ
ဥရောပပါလီမန်၌ ထရမ့်ပ်၏ ကိုယ်တုံးလုံး ရွှေရုပ်တု ပြသထား
DVB
·
October 10, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဒိန်းမတ်ပန်းပုဆရာ ယန်းစ် ဂယ်လ်ရွှတ်ထ်ဟာ ဒိန်းမတ်နိုင်ငံရဲ့ ၂၀-ခရောင်းတန် ရွှေစစ်စစ်နဲ့ ကြေးဝါတို့ သုံးပြီး ထုလုပ်ထားတဲ့ အမြင့် ၂ ဒသမ ၆ မီတာရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်တုံးလုံး ရွှေရုပ်တုကို အောက်တိုဘာ ၆ ရက်က ပြင်သစ်နိုင်ငံ စထရာစ်ဘာ့ဂ်မြို့ရှိ ဥရောပပါလီမန်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ရဲ့ ပုံစံသွင်ပြင်နဲ့ သူ့ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်တင်စားပြီး “The Orange Plague” (လိမ္မော်ရောင် ပလိပ်ရောဂါ) လို့ အမည်ပေးထားတဲ့ အဲဒီရုပ်တုမှာ ထရမ့်ပ်ဟာ ခန္ဓာကိုယ်အားနည်းတဲ့ လူတယောက်ရဲ့ ကျောပေါ်မှာ ထိုင်နေပြီး လက်တဖက်မှာ တရားမျှတမှု ချိန်ခွင်ကို ကိုင်စွဲထားကာ နောက်လက်တဖက်မှာတော့ ကမ္ဘာလုံးပုံစံ ဂေါ့ဖ်ဘောလုံးဘေးမှာ ဂေါ့ဖ်ရိုက်တံကို ကိုင်ထားတဲ့ပုံစံ ဖန်တီးထားပါတယ်။

ဂယ်လ်ရွှတ်ထ်ကတော့ ထရမ့်ပ်နဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြသဖို့အတွက် ဒီလက်ရာကို ဖန်တီးခဲ့တာလို့ ပြောပါတယ်။

“လူတွေက သူ့ကို အဝတ်မပါတဲ့ လူတယောက်လို မြင်ပြီး ရယ်စရာတခုအနေနဲ့ သဘောထားစေ ချင်တာပါ။ သူက တကယ်တော်တဲ့ စီးပွားရေးသမားလည်း မဟုတ်ဘူး၊ ကမ္ဘာ့ခေါင်းဆောင်ကောင်း လည်း မဟုတ်ဘူး။ ကျနော်တို့ယုံကြည်တဲ့ တန်ဖိုးတွေကို အများကြီး ဖျက်ဆီးနေသူဖြစ်လို့ ဒါကို သရော်ချင်ဇောနဲ့ ဖန်တီးခဲ့တာပါ။ ထရမ့်ပ်ကို ကျနော်တို့အတွက် ကပ်ရောဂါတမျိုးလို့ မြင်တယ်။”

ဥရောပသမဂ္ဂ (EU) လွှတ်တော်ကိုယ်စားလှယ်တွေ အထွေထွေညီလာခံအတွက် စုဝေးကြချိန်မှာ ဒီရုပ်တုကို ဥရောပပါလီမန်မှာ ရက်အနည်းငယ်ကြာ ပြသထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်တုကိုတော့ လက်ဝဲဝါဒီ ဒိန်းမတ်နိုင်ငံသား ဥရောပပါလီမတ်အမတ် ပါကလော့ဆင်ရဲ့ ဖိတ်ကြားချက်အရ ပြသခဲ့တာပါ။

အဲဒီရုပ်တုကို ဒီနှစ်အစောပိုင်းက ကိုပင်ဟေဂင်မြို့မှာ လုပ်ခဲ့တဲ့ “ဂရင်းလန်းကို လက်ဖယ်လိုက်” ဆန္ဒပြပွဲတွေနဲ့ ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့မှာ ကျင်းပခဲ့တဲ့ COP30 ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးဆွေးနွေးပွဲတွေမှာလည်း အရင်က ပြသခဲ့ဖူးပါတယ်။

အခု စထရာစ်ဘာ့ဂ်မြို့မှာ ပြသပြီးသွားရင် ဂယ်လ်ရွှတ်ထ်ဟာ “The Orange Plague” ရုပ်တုကို လာမဲ့လ တူရကီနိုင်ငံ အန်တားလယာမြို့မှာ ကျင်းပမဲ့ COP31 ကုလသမဂ္ဂ ရာသီဥတုညီလာခံမှာ ထပ်မံပြသဖို့ စီစဉ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013