DVB Logo
Home
မြန်မာသတင်း
ရေစကြိုရှိ စစ်တပ် တပ်စွဲခဲ့သည့်ရွာတွင် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်း တွေ့ရှိ
DVB
·
March 14, 2025
ရေစကြိုရှိ စစ်တပ် တပ်စွဲခဲ့သည့်ရွာတွင် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်း တွေ့ရှိ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက သာဂေါင်(ရွာမ) ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံထားရတဲ့ ဒေသခံရုပ်အလောင်း ၆ လောင်း တွေ့ရှိထားတယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူတယောက်က “လောလောဆယ်တော့ အလောင်း ၆ လောင်း တွေ့ထားတယ်ဗျ။ အဲဒီထဲက ပြည်သူတယောက်က ခေါင်းဖြတ်သတ်ခံရပြီးတော့ ခေါင်းကို တိုင်ထိပ်မှာ ချိတ်ထားခဲ့တယ်။ နောက်တဦးက မြေမြှုပ်ထားတာတွေ့တာ။ အသက်ကြီးပိုင်း အဘိုးအိုတယောက်နဲ့ အဖွားအိုတယောက်ရဲ့ အလောင်းတွေနဲ့ တခြားအမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ဒီအတိုင်းပဲတွေ့တယ်။ အားလုံးက ပုပ်ပွနေကြတာပေါ့ဗျာ။ ပြည်သူတွေကို တကယ့်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါ ရေလယ်ကျွန်းဒေသ၊ သာဂေါင်(ရွာမ)ကျေးရွာကို ပြီးခဲ့တဲ့ မတ် ၇ ရက်က စတင်ပြီး ၁၂ ရက်အထိ ၆ ရက်နီးပါးကြာ ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

သာဂေါင်(ရွာမ)ကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်က “ကျနော်တို့က ရွာထဲကို စစ်တပ်ဝင်လာတဲ့နေ့ကတည်းက ထွက်ပြေးကြတော့ ရွာထဲမှာ အသက်ကြီးတဲ့သူတွေနဲ့ သူတို့ကိုစောင့်ဖို့လောက်ပဲ ကျန်နေခဲ့ကြတာလေ။ တနေ့ကမှ စစ်ကြောင်းပြန်ထွက်သွားလို့ ကျနော်တို့တွေ ရွာထဲပြန်ဝင်ကြည့်ကြတာပေါ့။ ရွာထဲမှာ အလောင်း ၆ လောင်း တွေ့ထားတယ်။ ၄ ယောက်ကတော့ ကျနော်တို့ရွာသားတွေဗျ။ နောက် ၂ ယောက်ကတော့ ကျနော်တို့ရွာသား မဟုတ်ကြဘူး။ တခြားရွာသားတွေ ဖြစ်လိမ့်မယ်။ ရွာထဲက အိမ်တွေကိုလည်း ဖောက်ထွင်းခံထားရတာ ပစ္စည်းတွေမှ ပွစိတက်အောင် ဖွသွားကြတာ။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ ဆန်အိတ်တွေ အကုန်လုံးသယ်သွားကြတာ မရှိကြတော့ဘူးဗျ။ ရှောင်နေကြတဲ့ ကျနော်တို့ရွာသားတွေကတော့ ရွာထဲပြန်ပြီး နေဖို့ မနေဖို့ တိုင်ပင်နေကြတုန်းပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သာဂေါင်(ရွာမ)ကျေးရွာအတွင်း တပ်စွဲနေထိုင်ကြစဥ် ပြည်သူပိုင် ကြက်၊ ဝက်၊ နွား စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် ချက်ပြုတ် စားသောက်ခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

လယ်ယာလုပ်ငန်းခွင် အသုံးပြုတဲ့ ခိုင်းနွား အများအပြားလည်း အစာရေစာပြတ်လပ်ကာ သေဆုံးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ရေစကြိုနယ်မြို့နယ်ထဲက မြေစွန်းတော်၊ မာလကာခြံ၊ ရွှေလှန်၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသကို ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကာ တပ်ဖွဲ့ဝင်အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့ကြပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းတခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013