DVB Logo
Home
မြန်မာသတင်း
ရွှေမှော်လုပ်ကွက် အငြင်းပွားမှု KIO/KIA  အမြန်ဆုံး ဖြေရှင်းပေးစေလို
DVB
·
March 14, 2025
ရွှေမှော်လုပ်ကွက် အငြင်းပွားမှု KIO/KIA  အမြန်ဆုံး ဖြေရှင်းပေးစေလို
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ဒေသ ရွှေမှော်လုပ်ကွက်နဲ့ပတ်သက်ပြီး  အငြင်းပွားဖွယ်ရာတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာ KIO/KIA အရာရှိတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ ဒေသခံတွေ မျှော်လင့်နေကြပါတယ်။

ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ရွှေမှော်မှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး KIO/KIA ဗဟိုဌာနက ခန့်အပ်ထားသူတွေက အာဏာပါဝါ အလွဲသုံးစားလုပ်ပြီး ရွှေလုပ်ကွက်အတွက် ဒေသခံပြည်သူလူထုရဲ့ ဘိုးဘွားပိုင်မြေနေရာ ဧကထောင်ချီ သိမ်းယူလာတာရှိနေလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က "လူကြီးအတွက်ဆိုပြီးမှ သူက အဲလို ဧကထောင်ကျော် အဲလို လုပ်လိုက်တဲ့ အခါမှာ ပြဿနာက ဖြစ်သွားတာပေါ့လေ။ အဓိက အဲဒါပါပဲ။ ‘ဝ’ တွေ ဘာညာ ဆိုတာက ဒါ Second လောက်ပဲ ရှိတာပေါ့လေ။ ဒါ ‘ဝ’ တွေနဲ့ KIA တွေ အဲလို ပူးပေါင်းပြီးမှ ရွှေတူးမယ်ဆိုတာ အဲလောက်ထိ ပြဿနာက မဟုတ်ဘူး ပေါ့လေနော်။ တကယ်တော့ ဒေသခံပြည်သူလူထုတွေ သေချာပေါက်ပေါ့လေနော်။ ဒီအကျိုးအမြတ်တွေ ဘယ်လိုရှိမယ်။ ဒီဒေသရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကဏ္ဍတွေမှာ ဘယ်လိုသုံးမယ် စသဖြင့် ‌သေသေချာချာ ရှင်းပြပြီးမှ လုပ်ခဲ့ရင်တော့ ဘာမှ အခုလို ဖြစ်လာစရာအကြောင်း မရှိဘူး။ ပြီးတော့ ဒီတော်လှန်ရေးရန်ပုံငွေ အသုံးစရိတ်လိုနေတဲ့အတွက်  ဒီဟာတွေ အဲလို ပါဝင်ရအောင်ဆိုတဲ့ ပုံစံမျိုးနဲ့သာ သူတို့ ချဉ်းကပ်ခဲ့မယ်ဆိုရင် ပြောစရာ စကား တခွန်းမှ မရှိပါဘူး။ အခုက အဲလို သူတို့က စိတ်ကြိုက်။ သိမ်းတာကမှ လပိုင်းပဲ ရှိသေးတယ်။ အခုက သူတို့ တခါထဲ ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို သူတို့က အဲလို လုပ်ပေးလိုက်တော့ အဲမှာ စဖြစ်တာပဲ။ ပြဿနာက အဲဒါပဲ ဟုတ်တယ်။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။ အရမ်း Conflict ရှိတဲ့ အနေအထားမျိုးတော့မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး လန်ဆယ်ဒေသခံတချို့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာတော့ လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်  (KPF) ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက် KIA က ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီ ၅ ရက်ကစပြီး ရွှေမှော်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာပါ။

လန်ဆယ်ဒေသကို ရွှေတူးဖို့ မြေကွက်သတ်မှတ်တာ၊ စည်းကမ်းချမှတ်တဲ့လုပ်ငန်းတွေနဲ့ မူဝါဒရေးဆွဲတဲ့လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာကော်မတီက စီစဉ်ဆောင်ရွက်နေပြီး လက်ရှိမှာ‌တော့ ရွှေမှော်လုပ်ကွက်တွေကို ပိတ်ထားဆဲဖြစ်တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"အဲ့တာကတော့ သက်ဆိုင်ရာ ကော်မတီတွေ ရွှေမှော်နဲ့ပတ်သတ်တဲ့ လမ်းညွှန်ချက်တွေ ဘာတွေ ပြုစုပြီးမှ ဆောင်ရွက်ဖို့တော့ ရှိတယ်။ ဒါပေမဲ့ သူတို့ မပြီးသေးတာနေမှာပါ။ ကျနော်လည်း ရွှေမှော်နဲ့ပတ်သတ်လို့တော့ အသေးစိတ်တော့ မမေးထားမိပါဘူး။ လောလောဆယ်ကတော့ ရပ်နားထားတာ ဖြစ်ပါတယ်။"

ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသကို လိုအပ်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ ရွှေတူးဖော်သွားဖို့ အစီအစဉ် ရှိသလို ဌာနေဒေသခံတွေနဲ့ ပြည်သူတွေကိုလည်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ရွှေမှော် ပိတ်သိမ်းချိန် စက်ဆိုင်းတွေ ရွှေ့ခိုင်းတာရှိပေမဲ့ တနိုင်တပိုင်လုပ်ကိုင်သူတွေက ရွှေမှော်ပြန်ဖွင့်မယ်ထင်တာကြောင့် မရွှေ့ယူသေးတဲ့ သိန်းရာချီတန် စက်ဆိုင်းတချို့နဲ့ ယာယီတဲတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က "ပထမကတော့ အဲဒီ လန်ဆယ်ရွှေမှော်ကို ပိတ်တယ်။ သူတို့က အကုန်လုံးကို မောင်းထုတ်လိုက်တယ်ပေါ့နော်။ အဲမှာ ဒေသခံပြည်သူလူထုရဲ့ ဒီ အဲမှာ ယာယီတဲတို့၊ အဲမှာ စက်ဆိုင်းတို့ မီးရှို့ဖျက်ဆီးတာက သူတို့ အရမ်းလိုတာပေါ့လေနော်။ အဲဒီ စက်ဆိုင်းတလုံးရဲ့ တန်ဖိုးက သိန်းရာကျော်ကုန်ကျတယ်။ ဒေသခံတွေက နဂိုကတည်းက အရမ်းအခက်အခဲရှိတဲ့ကြားထဲက ပေါ့နော်။ ဟိုဟာ ဒီဟာ ရောင်းပြီးမှ သူတို့ ရွှေလေးကို တူးဖို့ စက်တွေ ဝယ်ထားတဲ့သူတွေ။ အဲလို မရှိရှိတဲ့ဟာလေးကို သူတို့ မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတော့ အဲမှာ သွားပြီလေ။ ဘာလုပ်စားရတော့ မလဲ။ အဲလို အခြေအနေရှိသွားတာ"လို့ ပြောပါတယ်။

ချီဖွေမြို့ မြောက်ဘက် မိုင် ၁၀၀ ဝန်းကျင် အကွာအဝေးရှိ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာ မသိမ်းခင်က ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF လက်ထက်ကတည်းက မြန်မာတကောင်းကုမ္ပဏီနဲ့ ဟုန်ပန်းကုမ္ပဏီတွေ ဝင်ရောက်ရွှေတူးဖော်နေခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

လန်ဆယ်ဒေသဟာ ဝေးလံခေါင်ဖျားပြီး စိုက်ပျိုးရေး မဖြစ်ထွန်းတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေကလည်း လက်လုပ်လက်စားနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းကိုသာ အဓိက မှီခိုနေကြရတာ ဖြစ်ပါယ်။ 

 ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013