
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကနေ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ရောဂါအခံရှိသူ လူငယ်တယောက် စစ်ကောင်စီတပ်က အလုပ်ကြမ်းခိုင်းတဲ့ဒဏ်ကြောင့် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
သေဆုံးသူမှာ ငပုတောမြို့နယ်၊ မကျည်းပင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကျောက်ကပ်ဝေဒနာသည် ထွန်းမြတ်ကို (ခ) ဖိုးထွန်း ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းတာခံရပြီးနောက် မတ် ၉ ရက်က သေဆုံးသွားတာလို့ ဆိုပါတယ်။
နီးစပ်တဲ့ ဒေသခံတယောက်က “ကောင်လေးက ကျောက်ကပ်ရောဂါ ခံစားနေရတာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူ ဖြစ်တယ်။ အမှတ် ၃ ရပ်ကွက်က စစ်မှုထမ်းဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက စည်းရုံး ထည့်ပေးလိုက်တာ။ ကျန်းမာရေးမကောင်းတဲ့ကြားကနေ တပ်ထဲမှာ အလုပ်အမျိုးမျိုး လုပ်ရတာကြောင့် ပင်ပန်းလွန်းလို့ သေဆုံးသွားတာလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လူငယ်ဟာ ရောဂါအခံရှိတာကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ မိသားစုတွေဆီ အကြောင်းကြားထားတယ်လို့ သိရပြီး သေဆုံးသူကိုရည်စူးကာ မိသားစုတွေက လာမယ့် မတ် ၁၅ ရက်မှာ ရက်လည်ဆွမ်းသွပ် ပြုလုပ်မယ်လို့ သိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု အသက်သွင်းပြီးနောက် ငပုတောမြို့နယ်မှာ နာတာရှည်ဝေဒနာသည်တွေနဲ့ မွေးရာပါ မသန်စွမ်းတွေ အပါအဝင် စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစုဆောင်းတာ ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။