
အာဖရိကတိုက်တခုလုံး ပြေးခဲ့တဲ့ ဗြိတိန်လူစွန့်စားတယောက်ဟာ နောက်စိန်ခေါ်မှုတခုအဖြစ် နယူးဇီလန်နိုင်ငံတခုလုံး ပြေးဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ရက်စ်ကွတ်ခ်ဟာ ၃၅၂ ရက်ကြာ ခံနိုင်ရည်စမ်းသပ်တဲ့ စိန်ခေါ်မှုတွေကို ပြီးခဲ့တဲ့ ဧပြီလက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ထပ် စိန်ခေါ်မှုတခုကို ဆက်လုပ်ဖို့ ပြင်နေတာပါ။
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မွေးခဲ့တဲ့ ရက်စ်ကွတ်ခ်ဟာ ပုံမှန် မာရသွန်ထက် ပိုပြင်းထန်တဲ့ အော်ထရာမာရသွန်ကို နယူးဇီလန်ရဲ့ တီအေရာရိုအာမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။
သူ့ရဲ့အစီအစဉ်ထဲမှာ တောတွေ၊ တောင်တွေ၊ သန္တာကျောက်တန်းတွေနဲ့ မြို့တွေကို ဖြတ်သန်းမှုတွေလည်း ပါဝင်ပါတယ်။
ကွတ်ခ်ဟာ ဒီခရီးကို နယူးဇီလန်တောင်ပိုင်းကျွန်းမှာရှိတဲ့ လမ်းခွဲတနေရာကနေ စတင်မှာဖြစ်ပြီး ရက် ၆၀ လောက် ပြေးမှာဖြစ်ကာ ကာပီရီဂါမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကွတ်ခ်ဟာ လာမယ့် ၁၀ ပတ်အကျော်မှာ တောင် ၁၀ လုံးကိုလည်း တက်ဖို့ မျှော်လင့်ထားပါတယ်။
အဲဒီစိန်ခေါ်မှုတွေအတွင်း ကွတ်ခ်ဟာ အော့ကလန်ဆိပ်ကမ်းတံတားပေါ်ကနေ ခြေထောက်ကြိုးချည်ခုန်ချတဲ့ ဘန်ဂီးဂျမ့်၊ ကွင်းစတောင်းမှာလည်း တောင်ပေါ်ကနေ ကြိုးနဲ့ အမြင့်ခုန်တာနဲ့ အေဘယ်တတ်မန်မှာ ကောင်းကင်ဒိုင်ဗင်ထိုးတာတွေလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ကွတ်ခ်ဟာ အာဖရိကတိုက်မှာ ပြေးတုန်းက လှူဒါန်းမှုအတွက် ပေါင် ၁ သန်းကျော် ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
အာဖရိကမှာ ပြေးတုန်းက ဗီဇာကိစ္စတွေ၊ ကျန်းမာရေးစိုးရိမ်ရမှုနဲ့ ဓားပြတိုက်မှု စတဲ့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။
ကွတ်ခ်ကတော့ ဒီလို စွန့်စားမှုတွေကို သူ့ခန္ဓာကိုယ်က ခွင့်ပြုတဲ့အချိန်အထိ ဆက်ပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။
Source : Reuters











