DVB Logo
Home
နိုင်ငံတကာ
Tesla ကုမ္ပဏီကို သပိတ်မှောက်မှုအား ထရမ့်ပ် အပြစ်တင်၊ ကားသစ် ၁ စီးဝယ်ယူ
DVB
·
March 12, 2025
Tesla ကုမ္ပဏီကို သပိတ်မှောက်မှုအား ထရမ့်ပ် အပြစ်တင်၊ ကားသစ် ၁ စီးဝယ်ယူ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Tesla ကားသစ်တစီး ဝယ်စီးမှာဖြစ်ပြီး အီလွန်မတ်စ်ခ်ရဲ့ လျှပ်စစ်ကားကုမ္ပဏီကို “တရားမဝင်” သပိတ်မှောက်တာဟာ “လက်ဝဲအစွန်းရောက်” တွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

၅ နှစ်တာအတွင်း Tesla ရှယ်ယာစျေးတွေ အဆိုးဆုံး ကျဆင်းခဲ့အပြီးမှာ ထရမ့်ပ်က အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Tesla ကားအရောင်းပြခန်းတွေကို တိုက်ခိုက်တာတွေဟာ ပြည်တွင်းအကြမ်းဖက်မှုလို့ သတ်မှတ်မှာ ဖြစ်တယ်လို့ပါ သမ္မတက ပြောပါတယ်။

အမေရိကန်တွေရဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအပေါ် သပိတ်မှောက်ပိုင်ခွင့်ကို အခြေခံဥပဒေ ပထမဖြည့်စွက်ချက်မှာ ကာကွယ်ပေးထားကြောင်း တရားရုံးချုပ်က ၁၉၇၂ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ထရမ့်ပ်က သပိတ်မှောက်တာ တရားမဝင်ဘူးဆိုတဲ့ အသုံးအနှုန်းကတော့ မှားယွင်းတယ်လို့ ထောက်ပြပါတယ်။

TeslaTakedown ဆိုတဲ့ အဖွဲ့က နိုင်ငံတလွှားမှာ Tesla ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်နေပြီး ကုမ္ပဏီပြခန်းတွေရှေ့ ပလက်ဖောင်းနဲ့ လမ်းမမှာ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ပြည်သူမှာ အခွင့်အရေးရှိတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အများပြည်သူပိုင်နေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ ပြည်တွင်းအကြမ်းဖက်မှု မဟုတ်ပါဘူးလို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မတ် ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က “နိုင်ငံတဝန်းက Tesla အရောင်းပြခန်းတချို့မှာ ဆူပူတိုက်ခိုက်တာတွေအကြောင်း ပြောနေကြပါတယ်။ တချို့တွေက ဒါကို ပြည်တွင်းအကြမ်းဖက်သမားတွေလို့ သတ်မှတ်ဖို့ ပြောနေကြတာ ရှိပါတယ်” လို့ မေးမြန်းခဲ့ပါတယ်။

ထရမ့်ပ်က “အဲဒီလို သတ်မှတ်မှာပါ။ အဲဒီလိုလုပ်သွားမှာပါ။ ဒါကို ရပ်တန့်အောင်လုပ်မှာပါ။ သူတို့တွေက တကယ့် အမေရိကန်ကုမ္ပဏီကြီးတခုကို ထိခိုက်အောင် လုပ်နေကြတာ” လို့ ပြောပါတယ်။

ထရမ့်ပ်က အိမ်ဖြူတော် ကားအဝင်လမ်းမှာ မတ်စ်ခ်နဲ့ မတ်စ်ခ်ရဲ့ သားဖြစ်သူတို့နဲ့အတူ ရပ်ပြီး စကားပြောခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်က ကြိုက်တဲ့တစီး ရွေးဝယ်ဖို့အတွက် အဝင်လမ်းမှာ Tesla ကား အမျိုးအစားစုံ ၅ စီး တန်းစီရပ်ထားခဲ့ပါတယ်။

“အီလွန်မတ်စ်ခ်ဟာ ကျုပ်တို့နိုင်ငံကို ကူညီဖို့ စွန့်စားလုပ်ဆောင်နေတာ ဖြစ်တယ်။ အင်မတန်ကောင်းတဲ့ အလုပ်လည်း လုပ်နိုင်နေတာဖြစ်တယ်။ ဒါပေမဲ့ လက်ဝဲအစွန်းရောက်တွေက သူတို့လုပ်နေကျအတိုင်း၊ အီလွန်နဲ့ သူ့ရပ်တည်ချက်တွေကို တိုက်ခိုက်ဖို့ ထိခိုက်အောင်လုပ်ဖို့၊ တရားမဝင် ပူးပေါင်းကြံစည်ပြီး အီလွန်ရဲ့ ရင်သွေး ကမ္ဘာ့အကြီးကျယ်ဆုံး ကားလုပ်ငန်းကြီး Tesla ကို သပိတ်မှောက်ဖို့ ကြိုးစားနေကြတယ်” လို့ ထရမ့်ပ်က သူ့ကိုယ်ပိုင် Truth Social လူမှုကွန်ရက်မှာ မတ် ၁၁ ရက် မနက်ပိုင်းက ရေးခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013