DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ကျောက်ဖရုံပင်
DVB
·
March 12, 2025
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ကျောက်ဖရုံပင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကျောက်ဖရုံပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကျောက်ဖရုံပင် သိပ္ပံလို Benincasa hispida  ခေါ်ပြီး အင်္ဂလိပ်လို winter melon, white gourd, Chinese watermelon, the wax gourd,  tallow gourd, ash pumpkin, Chinese preserving melon စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

ကျောက်ဖရုံသီးမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ Riboflavin၊ ဇင့်၊ သံ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်၊ ကြေးနီနဲ့ မန်းဂနိစ်၊ ဗီတာမင်B1 စတဲ့အာဟာရသတ္တုဓာတ်တွေနဲ့  Phenolic , flavonoid ၊ terpenes၊  cardio glycosides နဲ့ sterols ၊ကာရိုတင်းတွေ ၊ß-sitosterin နဲ့ uronic acid အစေ့မှာ ပရိုတင်းတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ၊ ဖီနိုလစ်ဒြပ်ပေါင်းတွေ၊ အမိုင်နိုအက်ဆစ်တွေ၊ flavonoid၊ sterol၊ glycoside၊ alkaloid၊ ပုံသေဆီနဲ့အဆီတွေ၊ မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေနဲ့ အခွံ alkaloid၊ saponin၊ steroid၊ ကာဗိုဟိုက်ဒရိတ်၊ flavonoid၊ tannin၊ carotenoid၊ oxalate နဲ့ phytate စတဲ့ ကျန်းမာရေးအကျိုးပြုဓာတ်ပေါင်းတွေပါဝင်ပါတယ်။

အရေပြားကျန်းမာရေးကို အကျိုးပြုခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှု တိုက်ဖျက်ခြင်း၊ အကိုက်အခဲပျောက်ဆေး/ပန်းနာရင်ကြပ်ပျောက်ဆေး/ ဆီးရွှင်ဆေး အာနိသင်ရှိခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီ/သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ အပင်ရဲ့  အရွက် အသီးနဲ့ အစေ့ တို့ကို သုံးစွဲကြပါတယ်။ ကျောက်ဖရုံသီးဟာ ဆီးသွားနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်စီယမ် ပါဝင်မှုများတာကြောင့် သွေးပေါင်ချိန်ကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။

ကျောက်ဖရုံသီး စားသောက်ပေးခြင်းဖြင့် အစာအိမ်အနာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သွေးမှားသကြားဓာတ်၊ triglyceride နဲ့ အင်ဆူလင်ပမာဏကို လျှော့ချနိုင်ပါတဲ့ အာနိသင်ရှိတာကြောင့် ကျောက်ဖရုံသီးကို ပုံမှန်စားသောက်ခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ဖရုံသီးမှာ အမျှင်ဓာတ် ကြွယ်ဝပြီး ကောင်းတဲ့ ဘက်တီးရီးယားတွေ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပြီး  ဝမ်းချုပ်ခြင်း၊ ဖောရောင်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။ ကျောက်ဖရုံသီးဟာ သဘာဝ အယ်လ်ကာလီဖြစ်ပြီး ကျောက်ဖရုံသီးဖျော်ရည် တဖန်ခွက်ကို ပုံမှန်သောက်သုံးခြင်းဖြင့် အစာအိမ်အတွင်းရှိ ပိုလျှံနေတဲ့ အချဉ်ဓာတ်ကို ချေဖျက်ပေးကာ အစာမကြေခြင်း၊ ရင်ပူခြင်းနဲ့ ဝမ်းပျက်ခြင်းတို့ကို သက်သာစေပါတယ်။

ကျောက်ဖရုံသီးသည် ချွဲပျော်နိုင် တဲ့ အာနိသင်ရှိတာကြောင့် အသက်ရှူလမ်းကြောင်းမှ အကျိအချွဲများ ထွက်ခြင်းကို ကူညီပေးနိုင်ပါတယ်။ ကျောက်ဖရုံသီး  ထုထောင်းပြီး ရေနွေးကြမ်းပန်းကန် တခွက်စာကို ပျားရည်/ထန်းလျက် အနည်းငယ်နဲ့ တနေ့ ၂-၃ ကြိမ် စားသောက်ပေးနိုင်ပါတယ်။

ကျောက်ဖရုံသီးမှာပါတဲ့ ဗီတာမင် B3 က စွမ်းအင်ပမာဏကို တိုးမြင့်လာစေပြီး သွေးအားနည်းခြင်း/ခန္ဓာကိုယ် အားနည်းနေသူများအတွက် အကျိုးပြုပါတယ်။ ကျောက်ဖရုံသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ်အတွင်းပိုင်းကို ကာကွယ်ပေးနိုင်ပြီး အစာအိမ်အနာတွေကို ကာကွယ်ကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။

အက်စပရင်ကဲ့သို့ သွေးကျဲဆေးတွေကို ပုံမှန်စားသုံးသူတွေဟာ ကျောက်ဖရုံသီးကို စားသောက်ပေးခြင်းဖြင့် သွေးအလွန်အကျွံထွက်တာကို ထိန်းချုပ်နိုင်ပါတယ်။ နှာခေါင်းသွေးယိုတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ဖရုံသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နွေရာသီမှာ ကျောက်ဖရုံသီးဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ရေဓာတ်ခန်းခြောက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

အစေ့ဆီကို အုန်းဆီနဲ့ရောနှောပြီး ပွက်ပွက်ဆူအောင် တည်ထားတဲ့ဆီကို လိမ်းပေးခြင်းဖြင့် အသားအရေ ယားယံခြင်း၊ ခြောက်သွေ့ခြင်းလက္ခဏာတွေကို သက်သာစေပါတယ်။

ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ cucurbitacin က အသည်းလုပ်ငန်းတွေကို ကူညီပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် အရွက်မှာပါတဲ့ ဗီတာမင် C က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

အစေ့နဲ့ အရွက်တွေကို ကြိတ်ချေပြီး တခါသောက် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၂ ကြိမ် စားသုံးပေးခြင်းဖြင့် အသားဝါခြင်းကို ကုသရာမှာ အထောက်အကူပြုပါတယ်။

ကျောက်ဖရုံသီးမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်တို့က အရိုးထုထည်ကို တိုးပွားစေပြီး အဆစ်တွေ ပျော့ပျောင်းမှုကို ပြန်လည်ရရှိရန် ကူညီပေးပြီး အရိုးအဆစ်ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါ၀င်ပြီး အဆစ်အမြစ် ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းမှာ ကျောက်ဖရုံသီးပြုတ်ရည်  တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်ကို နနွင်း ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။

ကျောက်ဖရုံသီးဖျော်ရည် သောက်ခြင်းက ကိုယ်တွင်း electrolyte ပမာဏကို ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အစာအဆိပ်သင့်ခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

ကျောက်ဖရုံသီးအသားနဲ့ အစေ့တွေမှာ သကြားဓာတ်ပါဝင်မှုနှုန်းကို ထိန်းညှိပေးတဲ့ သဘာဝ hypoglycemia အစွမ်းရှိပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သွေးကြောထဲသို့ သကြားဓာတ် စုပ်ယူမှုနှုန်းကို နှေးကွေးစေကာ ဆီးချိုဝေဒနာရှင်များအတွက် အထောက်အကူဖြစ်စေပါတယ်။

ကျောက်ဖရုံသီးဟာ ဓာတုဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ အဆိပ်အတောက်တွေကို လျှော့ချပေးခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်မှုကို အကျိုးပြုပါတယ်။ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် သွေးတွင်းယူရီးယားနဲ့ creatinine အဆင့်၊ ဆီးဂလူးကို့စ်နဲ့ပိုတက်စီယမ်အဆင့်နဲ့ ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။

ဆီးအနည်ထိုင်ခြင်း၊ ဆီးပူ ဆီးဝါ၊ ဆီးနီ စတဲ့ ဆီးနဲ့ကျောက်ကပ်ရောဂါတွေမှာ ကျောက်ဖရုံသီးပြုတ်ရည် တခါသောက် တဖန်ခွက်ကို တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ ကျောက်ဖရုံသီးကို ဖျော်ရည်အဖြစ် ပြုလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ကျောက်ဖရုံသီးမှာ Multi Fluorenol နဲ့ Alonusenol ဓာတ်ပေါင်းတွေ ပါ၀င်ပြီး လည်ချောင်းနာခြင်းကို ဟန့်တားနိုင်ပါတယ်။

ကျောက်ဖရုံစေ့မှာ ရေဓာတ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အပူငြိမ်းစေတဲ့ အာနိသင်ရပြီး ကိုလက်စထရော ပါဝင်မှုနည်းတာကြောင့် နှလုံးအတွက် ကောင်းမွန်တာကြောင့်  နှလုံးရောဂါဝေဒနာရှင်များ စားသုံးနိုင်ပါတယ်။

ကျောက်ဖရုံသီးကို အသင့်အတင့်သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သောက်သုံးခြင်းက ဆီးအလွန်အကျွံ ရွှင်စေပြီး မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေကာ အိပ်ရေးပျက်စေနိုင်ပါတယ်။ ကျောက်ဖရုံသီးနဲ့ ဓာတ်မတည့်သူများ ကျောက်ဖရုံပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ကျောက်ဖရုံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013