DVB Logo
Home
မြန်မာသတင်း
KIA ၊ TNLA ခေါင်းဆောင်များနှင့် လူထု သုံးပွင့်ဆိုင်တွေ့ဆုံရန် စီစဉ်နေ
DVB
·
March 11, 2025
KIA ၊ TNLA ခေါင်းဆောင်များနှင့် လူထု သုံးပွင့်ဆိုင်တွေ့ဆုံရန် စီစဉ်နေ
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြေလည်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ အပါအဝင် ရှမ်းမြောက်လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့  KIO သတင်းပြန်ကြားရေးဘက်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံ၊ မိုးမိတ်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ကချင်တပ် KIA နဲ့ တအာင်းတပ် TNLA တို့အကြား ပွတ်တိုက်မှုတွေ တောက်လျှောက်ဖြစ်နေခဲ့တာဖြစ်ပြီး ရန်ပွဲတွေအတွင်း ထိခိုက်တာတွေအထိ ဖြစ်လာနေတာပါ။

မန်တုံနဲ့ မိုးမိတ်ကြားမှာရှိတဲ့ KIA စခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် KIA တပ်ဖွဲ့ဝင် ၁၁ ယောက်အထိ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ဆေးရုံတက်ရောက် ကုသရတာအထိ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ် ၇ ရက်က ကွတ်ခိုင်မြို့၊ KIA ဆက်ဆံရေးရုံးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပါ။

ခုလိုမျိုးဖြစ်စဉ်တွေ ဆက်မဖြစ်အောင် နှစ်ဖက် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြဖို့ကိုလည်း နိုင်ငံရေးအင်အားစုတွေကလည်း တိုက်တွန်းနေကြတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ရှမ်းမြောက်လူထုနဲ့တွေ့ဆုံပြီး အခြေအနေကို ဆုံးဖြတ်သွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း နှစ်ဖက်ခေါင်းဆောင်တွေနဲ့အတူ ရှမ်းမြောက်လူထုနဲ့ တွေ့ဆုံအဖြေရှာသွားမယ်လို့ DVB ကို ပြောပါတယ်။

ကွတ်ခိုင်ဒေသခံတယောက်ကတော့  နောက်ဆက်တွဲပြဿနာတွေ ထပ်ပြီးမဖြစ်ပွားအောင် နှစ်ဖက် အမြန်ဆုံးတွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “နှစ်ဖက်တွေ့ပြီး အမြန်ဆုံးဖြေရှင်းတာ ကောင်းပါတယ်။ ဘာလို့လဲဆို နောက်ဆက်တွဲ ဟိုဘက်ဒီဘက် လူထုတွေပါလာရင် မကောင်းဘူးလေ။ ပြီးရင် လူမှုကွန်ရက်မှာ ဟိုဘက်ဒီဘက် ရေးနေကြတာတွေကိုလည်း ထိန်းဖို့လိုတယ်။ ဒါတွေကို မထိန်းဘူးဆိုရင် ပိုဆိုးတဲ့ဘက်ကိုပဲ ရောက်သွားလိမ့်မယ်” လို့ ပြောပါတယ်။

အငြင်းပွားမှုတွေဖြစ်နေတဲ့ ဒီမြို့နယ်တွေဟာ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ KIA တပ်စခန်းတွေလည်း ရှိနေတာပါ။ လက်ရှိမှာတော့ TNLA က သူတို့ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး ဒီအခြေအနေတွေအပေါ်မှာပဲ နှစ်ဖက်တပ်တွေ ပွတ်တိုက်မှု စလာတာလို့ နားလည်ရပါတယ်။

TNLA ပြောခွင့်ရ လွေးယေဦးကတော့ နှစ်ဖက်ပွတ်တိုက်မှုတွေ ပိုဆိုးမလာစေဖို့အတွက် ထိန်းသိမ်းဆောင်ရွက်နေသလို နှစ်ဖက်ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ DVB ကို ပြီးခဲ့တဲ့ မတ် ၃ ရက်တုန်းက ပြောပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေကို မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ KIA အနေနဲ့ TNLA ထိန်းချုပ်နယ်မြေတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်မယ်ဆိုရင်တော့ အရပ်ဝတ်နဲ့ဖွင့်ရင် လက်ခံမယ်လို့လည်း လွေးယေဦးက ပြည်တွင်းမီဒီယာတွေကို ပြောထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013