DVB Logo
Home
မြန်မာသတင်း
ပြည်-ကံမလမ်းပိုင်းတွင် ကုန်တင်ယာဥ်များ သွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်
DVB
·
March 11, 2025
ပြည်-ကံမလမ်းပိုင်းတွင် ကုန်တင်ယာဥ်များ သွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့အနောက်ဘက်ကမ်းက ပြည်-ကံမလမ်းပိုင်းပေါ်မှာရှိတဲ့ တည်ပင်ကျိုးစစ်ကောင်စီ ဂိတ်စခန်းကနေ ပြည်သူတွေအတွက် ကုန်ပစ္စည်းသယ်ဆောင်တဲ့ ယာဥ်တွေကို ပိတ်ပင်ထားလို့ ကုန်တင်ယာဥ်မောင်းသမားတွေ အခက်တွေ့နေကြပါတယ်။

ကုန်တင်ယာဥ်မောင်းတယောက်က “ပြည်ဘက်ကလာတဲ့ ကုန်ကားတွေ၊ ကံမဘက်ကနေလာတဲ့ ကုန်ကားတွေဗျာ။ ဆန်ကားတွေ၊ စက်သုံးဆီ ဘောက်ဆာတွေ၊ အချိုရည်ကုမ္ပဏီတွေက ကားတွေ အကုန်ပဲ။ ဆက်သွယ်ရေးတာဝါတိုင်တွေ ဆီဖြည့်မယ့်ကားတွေတောင် ပေးမသွားဘူးဗျာ။ နောက်ပြီး ပြည်နဲ့ ကံမကြားမှာရှိတဲ့ သရက်မြို့နဲ့ အဲဒီနားရွာတွေက ဈေးဝယ်ကားတွေပါ ပိတ်တာ။ အဲဒီ တည်ပင်ကျိုးစစ်တပ်ဂိတ်က ပိတ်တာပေါ့ဗျ။ အရင်တုန်းကတော့ တောင်းပန်ပြီးသွားလို့ရတယ်။ အခု ဘယ်လိုမှကို တောင်းပန်မရဘူး။ ကုန်ကားတွေ အကုန်ပြန်လှည့်ကြရတာပဲ။ သာမန် ခရီးသွားကားတွေလောက်ပဲ ပေးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါလမ်းပိုင်းမှာ ကုန်တင်ယာဥ်တွေ ဖြတ်သန်းခွင့်ကို အခုနှစ်၊ နှစ်ဆန်းပိုင်းက စတင်ပိတ်ပင်ထားတာဖြစ်ပြီး အခုမတ်လထဲမှာတော့ ပိုမိုတင်းကျပ်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ တည်ပင်ကျိုးစစ်ကောင်စီဂိတ်စခန်းမှာ ယခင်က စစ်သားနဲ့ ရဲ ပူးပေါင်းအင်အား ၅၀ ဝန်းကျင်သာရှိပြီး အခုမတ်လထဲမှာ ထပ်မံအင်အားတိုးမြှင့်ချထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

သရက်ခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ခံ ကိုမြတ်က “တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတာ ဆိုတော့လေ သူတို့ဘက်က သရက်၊ မင်းတုန်း၊ ကမ္မဘက်ကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ချင်တဲ့သဘော ရှိနေတယ်။ နောက်ပြီး အဲဒီလမ်းပိုင်းက အမ်း-ပဒါန်းအထိလည်း လမ်းပေါက်နေတယ်လေ။ သူတို့ဘက်က အဲဒီလိုလုပ်တော့ ပြည်သူတွေမှာ ကုန်စည်ရှားပါးတဲ့ ပြဿနာကြုံလာတယ်။ ဒီဘက်မှာ ကုန်အစ္စည်းတွေက သာမန်ဈေးနှုန်းတက်တာထက်ကို ဈေးအဆမတန် ပိုကြီးနေတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအများစုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားနိုင်ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်မလာနိုင်ရေးကို စစ်ကောင်စီတပ်ဘက်က နည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့တားဆီး ခံစစ်ပြင်ဆင်ခုခံနေတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013