
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ကောင်စီ ရဲချုပ် လာရောက်တုန်း ယာဥ်တန်းအနီး ဖြတ်သန်းသွားလာသူတွေကို ဖမ်းဆီးပြီး ထောင် ၁ လ ချမှတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ် ၇ ရက်နေ့ မနက်က ပြည်မြို့မှာ လုံခြုံရေးယာဉ်တန်းနဲ့ သွားလာနေတဲ့ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ယာဉ်တန်းအနီး ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေသူတွေကို ဖမ်းဆီးထောင်ချခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “လူကြီးလမ်းကြောင်းရှိတာ မသိကြဘူးလေ။ ဒီလိုပဲ သွားလာနေရင်း လမ်းကြောင်းနဲ့တိုးတာ ဆိုတော့ လမ်းဘေးကပ်ရပ်ကြ၊ လမ်းဘေး ဖြည်းဖြည်းမောင်းသွားကြတာပေါ့။ အဲဒါကို ဖမ်းသွားတာ၊ တရားရုံးလည်း မတင်ဘဲ ထောင်တန်းချလိုက်တာ” DVB ကို ပြောပါတယ်။
ရဲချုပ်လိုက်ပါလာတဲ့ ယာဉ်တန်းအနီး ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားတဲ့ အမျိုးသား ၅ ယောက်ကို ဆိုင်ကယ်ပါသိမ်းပြီး ထောင် ၁ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ မြို့ပေါ်ရပ်ကွက်က အမျိုးသား ၃ ယောက်နဲ့ ကျေးရွာဘက်က အမျိုးသား ၂ ယောက်ဖြစ်ပြီး တရားရုံးမတင်ဘဲ ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တယောက်က “ဖမ်းသွားတာ သိသိချင်း နယ်မြေရဲစခန်း လိုက်သွားတယ်။ ဟိုရောက်တော့ ထောင်တန်းပို့လိုက်ကျပြီတဲ့။ ဒီကိစ္စလောက်က ဒဏ်ကြေးနဲ့တင် ပြီးသင့်တာ၊ အခုက ဆိုင်ကယ်လည်းဆုံး၊ လူလည်း ထောင်ချခံရတော့ မိသားစု ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။










