DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဥပဒေ မလျော်ဩဇာသုံးသူများကို ထောင် ၃ နှစ်ချမည်ဟု သတိပေး
DVB
·
March 7, 2025
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဥပဒေ မလျော်ဩဇာသုံးသူများကို ထောင် ၃ နှစ်ချမည်ဟု သတိပေး
Donate to DVB

ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှာပါတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းဥပဒေကို ကျော်လွန်လုပ်ဆောင်တဲ့အတွက် ထောင် ၃ နှစ်ချမှတ်ခံရမယ်ဆိုပြီး ခေါ်ယူသတိပေးခဲ့တယ်လို့ တိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မတ် ၆ ရက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ပူးပေါင်းလာဘ်စားတာမလုပ်ဖို့နဲ့ စစ်မှုထမ်းဥပဒေနဲ့ ဆန့်ကျင်ပြီး မလျော်ဩဇာသုံး လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်တာ တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သတိပေးခဲ့တာလို့ ဆိုပါတယ်။

ပုသိမ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းတယောက်က ”တိုင်းအဆင့်ကနေ မြို့နယ်အဆင့် အုပ်ကြီးတွေကို ခေါ်ပြီးပြောတာ။ စစ်မှုထမ်း ကိစ္စတွေနဲ့ ငွေနောက်မလိုက်ဖို့ ဆိုပြီး။ လက်အောက်ခံရပ်ကျေးအဆင့်တွေကို တဆင့် ပြောပြီး တင်းတင်း ကျပ်ကျပ်ကိုင်တွယ်ဖို့ ပြောလိုက်တာ။ ရပ်ကျေးအဆင့်ကို ခေါ်ပြောတာတော့မဟုတ်ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အရပ်သားတွေကို စစ်မှုထမ်းခေါ်ယူတဲ့ ကိစ္စတွေမှာ မြို့နယ်ဆင့်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် လဝက မှူးနဲ့ ဗိုလ်မှူးတွေပါ လာဘ်စားနေတယ်ဆိုပြီး တိုင်းကြားချက်တွေ များလာတာကြောင့် အခုလို ခေါ်ယူသတိပေးတာလို့ ဆိုပါတယ်။

''မှတ်တမ်း အချက်အလက်တွေနဲ့ တိုင်းအဆင့် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အထိကိုပါ တိုင်တဲ့သူတွေ ရှိလာလို့ ခေါ်သတိပေးတာ။ အုပ်ချုပ်ရေးမှူးတချို့ကို အရေးယူဖို့ အသေးစိတ် စစ်ဆေးနေတာရှိတယ်” လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ တိုင်းသတင်းတပ်ဖွဲ့ကို အရပ်သားတွေက စစ်မှုထမ်း ငွေကောက်တာ၊ လူစားထိုးတာ၊ ဥပဒေနဲ့အညီ မဆင့်ခေါ်တာ၊ ဖမ်းဆီးခေါ်ယူတာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မိမိ မိသားစုနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိသူတွေကို စစ်မှုထမ်း စာရင်းက ပယ်ဖျက်တာ စတဲ့အချက်တွေကို စုပေါင်းတိုင်ကြားလာတာကြောင့် သတိပေးတဲ့အထိ လုပ်လာရတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013