
တနင်္သာရီတိုင်း၊ ပုလောမြို့၊ မြို့တော်ခန်းမမှာ စစ်ကောင်စီဘက်က လူငယ် ၅၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ပထမပတ်အတွင်း စစ်ကောင်စီဘက်က ပုလောမြို့ပေါ်ရှိ အသက် ၂၀ မှ ၃၅ကြား အသက်လတ်ပိုင်းလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဖမ်းဆီးတာက နေရာအစုံပဲ။ မနက်ခင်း ဈေးမှာဖမ်းတာတွေရှိတယ်။ နေ့ခင်းဘက် အိမ်မှာဝင်ဆွဲတာတွေလည်းရှိတယ်။ ညဘက်မှာ ဝင်ဆွဲတာတွေအပြင် ပုလောတံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသူတွေလည်းရှိတယ်”လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူငယ်တွေကို ပလောက်မြို့ရှိ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့ဆောင်ဖို့အတွက် စီစဥ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က လူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ အမှတ် ၃ ရပ်ကွက်က အုပ်ချုပ်ရေးမှူး သားအဖနှစ်ဦး အသတ်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။