DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သားသစ် ၁ ဦး အလင်းဝင်
DVB
·
March 7, 2025
ပခုက္ကူတွင် ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သားသစ် ၁ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံတဲ့ တပ်သားသစ်တယောက်ဟာ မတ် ၆ ရက် မနက်ပိုင်းက Burma Revolution Rangers ဆီမှာ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

Burma Revolution Rangers ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိုက “မတရား ပေါ်တာဆွဲခံရပြီးတော့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှာ တာဝန်ထမ်းဆောင်နေရတဲ့ တပ်သားသစ်တယောက်က သူတာဝန်ကျနေတဲ့ တပ်ကနေ ထွက်ပြေးလာပြီးတော့ ကျနော်တို့အဖွဲ့ကို ချိတ်ဆက်လာလို့ သူရှိတဲ့နေရာကို သွားခေါ်ခဲ့ရတာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ အသက် ၂၅ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် ကိုမျိုးမင်းအောင်၊ ကိုယ်ပိုင်အမှတ် (ပစ-၁၃၈၅၁၆) ဆိုသူဖြစ်ကာ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသွားနေရင်း ကားပေါ်က ဇွတ်အတင်းဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုမျိုးမင်းအောင်က “ကျနော့်ဇာတိက ချောင်းဦးမြို့နယ်ထဲက ဇီးကုန်းကျေးရွာကပါ။ ရန်ကုန်ကနေ ကျနော့်ရွာကို Express နဲ့ပြန်လာရင်း အမြန်လမ်းပေါ်မှာ စစ်သားတွေက ကားပေါ်ကနေ ဆွဲချပြီးတော့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာပါ” လို့ ​DVB ကို ပြောပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် မိတ္ထီလာမြို့မှာ စစ်သင်တန်းတက်ရောက်ခဲ့ရပြီး မတ် ၂ ရက်က ပခုက္ကူတပ်မ ၁၀၁ ကို ပို့ဆောင်ခံခဲ့ရကာ မတ် ၆ ရက် မနက်ပိုင်းမှာတော့ သူတာဝန်ကျတဲ့ တပ်မ ၁၀၁ ကနေ ထွက်ပြေးလာတာလို့လည်း သူက ဆက်ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေကိုလည်း အသက်အသေမခံဘဲ အမြန်ဆုံးအလင်းဝင်ကြဖို့ Burma Revolution Rangers အဖွဲ့က ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

Burma Revolution Rangers တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုကာတွန်းက “အခု အလင်းဝင်လာတဲ့ မျိုးမင်းအောင် ကတော့ အခြေအနေ အကြောင်းကြောင်းတွေကြောင့်မို့လို့ လက်နက်ခဲယမ်းတွေ ပါမလာခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလင်းဝင်လာသူတိုင်းကို နွေးနွေးထွေးထွေး ကြိုဆိုတယ်ဗျာ။ အခုနှစ်ထဲမှာ ကျနော်တို့အဖွဲ့ဆီကို ချိတ်ဆက်ပြီး အလင်းဝင်လာကြတဲ့သူတွေ ခပ်စိတ်စိတ် ဖြစ်လာနေတယ်။ ကျန်တဲ့အဖွဲ့တွေဆီကိုလည်း ခပ်စိတ်စိတ် အလင်းဝင်လာနေကြတာတွေ တွေ့နေရတယ်။ စစ်ကောင်စီကတော့ သူတို့အာဏာဆွဲဆန့်ဖို့လို့ သူတို့စိုးမိုးတဲ့နေရာတွေမှာ ပေါ်တာဆွဲနေတာ ပြည်သူအားလုံးသိကြတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အသွားအလာ အနေအထိုင် ဂရုစိုက်ကြပါ။ စစ်မှုထမ်းဖမ်းဆီးခံရရင်လည်း ကျနော်တို့အဖွဲ့ဆီကိုပဲဖြစ်ဖြစ် နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာပဲဖြစ်ဖြစ် ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း အဆိုပါ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ မတရား ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုချစ်ဆန်းပိုင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုချစ်ကို တို့လည်း Burma Revolution Rangers အဖွဲ့ဆီကို ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013