
စပါးအသင်းအနေနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အရှုံးရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောသွားပါတယ်။
စပါးအသင်းဟာ ဟော်လန်ကလပ် အေဇက်အယ်ခ်မာနဲ့ ပထမအကျော့ပွဲစဉ်မှာ ကွင်းလယ်လူ ဘာ့ဂ်ဘောရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမူကြောင့် တဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
စပါးအသင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အပါအဝင် နေရာတိုင်းမှာ တောင့်တင်းမှုရှိနေဖို့ လိုအပ်ပြီး ပထမအကျော့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ အခွင့်အရေး ရှိနေသေးပြီး ရလဒ်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။
ယူရိုပါလိဂ်က အမြဲတမ်းခက်ခဲပြီး ပထမအကျော့ရှုံးပွဲဟာ ဒုတိယအကျော့အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်တယ်လို့လည်း ဆွန်ဟောင်မင်က ပြောပါတယ်။
နည်းပြ ပို့စ်တီကိုဂလူကတော့ အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် အားနည်းခဲ့တဲ့အပေါ် ဝေဖန်ခဲ့ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပေမဲ့ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။










