
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲမှာ စစ်မှုထမ်းဖို့ မတ် ၄ ရက် ညမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့က လူငယ် ၁၆ ယောက်ကို အိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂ ရက်ကစတင်ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက ကျုံပျော်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်နေသူတယောက်က “ညကတော့ အောင်မင်္ဂလာ ၄ ယောက်၊ သဘောရိုးက ၁၁ ယောက်၊ အောင်ဆန်းညောင်ပင်သာ ၁ ယောက် ဖမ်းခေါ်သွားတယ်။ မတ်လ ၅ ရက်နေ့ ညကျရင် အောင်ဆန်းတိုးချဲ့ရပ်ကွက်ကို ဝင်မယ်။ ရသလောက်ဆွဲမှာ” လို့ DVB ကို ပြောပါတယ်။
ကျုံပျော်မြို့မှာ စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်ခေါ်ယူရာမှာ ငွေကြေးပေးပြီး ပြန်လွှတ်ပေးတာကြောင့် စစ်ကောင်စီ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့် ပြည့်အောင် အမြန်လိုက်ဆွဲနေတာဖြစ်ပြီး ငွေယူပြီး ပြန်လွှတ်ပေးထားတဲ့သူတွေကို အစားထိုးဖို့ပါ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက် ည ၉ နာရီကလည်း ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ထဲက လူငယ် ၇ ယောက်ကို စစ်ကောင်စီတပ်၊ ရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး လူငယ်တယောက်ကိုတော့ ကျပ်ငွေသိန်း ၁၀၀ တောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။