
တော်လှန်ရေး ကံစမ်းမဲလက်မှတ် တွေ့တယ်ဆိုပြီး ရွှေဘိုအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသားတယောက်ကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တယ်လို့ အကျဉ်းချခံရသူ အမျိုးသားနဲ့ နီးစပ်သူ မိတ်ဆွေတွေက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသားဟာ ရွှေဘိုမြို့၊ အမှတ် ၇ ချီပါစုရပ်ကွက်က ကိုဘုန်းမော် ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ရွှေဘိုထောင်တွင်း စစ်တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ အမိန့်ချမှတ်လိုက်တာလို့ နီးစပ်သူတယောက်က ပြောပါတယ်။
အခု ထောက်ဒဏ်တသက် ချမှတ်ခံရသူဟာ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိသလို တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ဆက်စပ်သူ မဟုတ်တာကြောင့် သူ့မှာ တော်လှန်ရေး ကံစမ်းမဲလက်မှတ် တွေ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ နီးစပ်သူတယောက်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အဆိုပါအမျိုးသား မြို့ထဲကပြန်လာတဲ့အချိန် စစ်ကောင်စီလှည့်ကင်းနဲ့တွေ့ပြီး စစ်ကောင်စီတပ်သားတွေက တော်လှန်ရေး ကံစမ်းမဲလက်မှတ် တွေ့တယ်ဆိုကာ အခုလို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးပြီး ရွှေဘိုမြို့မ ရဲစခန်းမှာ ၁၄ ရက် ဖမ်းဆီးချုပ်နှောင်ပြီးတဲ့နောက် ရွှေဘို အချုပ်ထောင်ကိုပို့ကာ အခုလို အမိန့်ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။