DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် တလအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃၀ ထက်မနည်း ထိခိုက်သေဆုံး
DVB
·
March 3, 2025
ရခိုင်တွင် တလအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃၀ ထက်မနည်း ထိခိုက်သေဆုံး
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖေဖော်ဝါရီ တလအတွင်းမှာ အရပ်သား ထိခိုက်၊ သေဆုံးသူ အယောက် ၃၀ ထက်မနည်း ရှိတယ်လို့ DVB ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားတဲ့  ရခိုင်က မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်  ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလအတွင်းမှာ အရပ်သား သေဆုံးသူ ၆ ယောက်ရှိပြီး ၂၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားသူတွေမှာ ပေါက်တောမြို့နယ်မှာ ၄ ယောက် နဲ့ ဂွ မြို့နယ်မှာ ၂ ယောက်တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ပေါက်တောမြို့နယ် မှာ ၁၈ ယောက်နဲ့ ဂွမြို့နယ်မှာ ၅ ယောက်တို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်စိုးရိမ်စိတ်ကြောင့် ဂွမြို့နယ်က ဒေသခံပြည်သူတချို့ဟာ နေရပ်ပြန်ခွင့် ရနေပေမယ့် မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

ဂွဒေသခံ ကိုနိုင်လင်းအောင်က “စိုးရိမ်မှုတွေကတော့ ရှိကြပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီက မြို့နယ်တွေလက်လွှတ် ဆုံးရှုံးလိုက်ရလို့ရှိရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်ပေါ့နော်။ ဒီစိုးရိမ်မှုတွေကြောင့် တချို့ဒေသခံတွေဆိုရင် ကိုယ့်နေရပ်ကို မပြန်နိုင်သေးတာတွေရှိတယ်။ လုံခြုံရေးပြဿနာတွေလည်း ရှိတယ်ဆိုတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ တခြားလက်နက်ကြီး တိုက်ခိုက်မှာကို စိုးရိမ်ပြီးတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း အများကြီးရှိနေသေးတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း AA အနေနဲ့ ရခိုင်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသခံကပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ကျောက်တော်ဒေသခံ မကျော့ကျော့က “တချို့နေရာတွေမှာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို လုပ်ပေးနေပြီပေါ့နော်၊ သုံးလေးလလောက်တော့ ရှိပြီပေါ့နော်။ နေရာတိုင်းကိုတော့ မရောက်နိုင်သေးဘူးပေါ့၊ ဒီကာလမှာက ကိုယ့်ကိုကိုယ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြန်ပြီးထိန်းချုပ်ရတယ်။ သူတို့က လုပ်ပေးနေတာတော့ရှိတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်ပေးဖို့လိုသေးတယ်။ သူတို့ လုပ်ပေးတာလောက်နဲ့ မလုံလောက်သေးဘူး။ တဖက်မှာလည်း တိုက်ခိုက်တဲ့အပိုင်းနဲ့ ဖွံ့ဖြိုးရေးအပိုင်းတွေကို တပြိုင်နက်တည်းလုပ်နေရတော့ ခက်ခဲမှုတွေ ရှိနေတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှု တွေကြောင့် အရပ်သား သေဆုံးသူ ၆၂ ယောက်ရှိပြီး ၅၅ ယောက်ထက်မနည်း ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေဟာ ဒေသတွင်းသတင်းဌာနတွေရဲ့ အချက်အလက်တွေကို မှီငြမ်းပြီး စာရင်းပြုစုထားတာကြောင့် မြေပြင်အခြေအနေမှာ ခုထက်ပိုပြီး များနိုင်ပါတယ်။ 

 ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013