DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ထားသည့် ပြည်သူများကို  ချောက်ထဲပစ်ချ
DVB
·
February 26, 2025
ပအိုဝ်းပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ထားသည့် ပြည်သူများကို  ချောက်ထဲပစ်ချ
Donate to DVB

စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး  ကြယ်တွင်းလို့ ခေါ်တဲ့ ချောက်ထဲပစ်ချတာတွေရှိတယ်လို့  Burma War Crimes Investigation အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က ကရင်နီပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ Burma War Crimes Investigation အဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ 

အစီအရင်ခံစာထဲမှာ  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ  မေလအတွင်းမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်၊ အောက်တိုဘာလမှာ အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတယောက်ကို PNO/PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။ 

အဲဒီအစီရင်ခံစာကိုတော့ ဖြစ်စဉ်က လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ မိသားစုဝင်တွေနဲ့ ကူညီနေသူတွေကို မေးမြန်းထားတာလို့ Burma War Crimes Investigation အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရဆိုရင် နင်တို့ ကယန်း ကယားတွေ ငါတို့ဒေသမှာ တိုက်ပွဲလာဖော်လို့ ဒီလိုတွေဖြစ်တာ၊ အဖမ်းခံရတဲ့သူတွေကျတော့လည်း သူတို့က ပစ္စည်း‌တွေယူသွားပါ၊ ပိုက်ဆံတွေယူသွားပါ၊ ကျနော်တို့ကိုတော့ ပြန်လွှတ်ပေးပါဆို မဟုတ်ဘူး မင်းတို့ အသက်ပဲလိုချင်တာ အဲ့လိုပြောတာတွေ တွေ့ရတယ်ပေါ့နော်။ လူမျိုးစုတစုကို လုံးဝ အဲ့လိုမျိုးလုပ်တယ် မလုပ်ဘူး စွပ်စွဲဖို့အတွက်ကျတော့လည်း ဖြစ်နေတဲ့ ပတ်တမ်အနေအထားကို ကျမတို့က ကြည့်ရမှာပေါ့နော်။ ဖြစ်နေတာဘယ်လောက်မထိများပြီလဲ၊ ဘယ်လောက်အထိ ရည်ရွယ်ချက်ရှိရှိဆိုရင် ဥပမာ သူတုဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ ဘယ်လောက်အထိ ပါဝင်ပတ်သက်နေပြီလဲ အဲ့လိုမျိုးတွေကြည့်ပြီးတော့မှပဲ ကျမတို့ကပြောလို့ရမှာဖြစ်တယ်။”

၂၀၂၄ ခုနှစ် ဇန်နဝါရီက ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တွေနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှာ ရှမ်းပြည်တောင်ပိုင်း မှာ နေထိုင်တဲ့ ကယန်းလူမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး  ကြယ်တွင်းလို့ ခေါ်တဲ့ ချောက်ထဲပစ်ချတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဂူထဲကနေ ပြန်လည်လွတ်မြောက်လာခဲ့သူတွေရှိသလို တနှစ်ကြာတဲ့ အထိ‌ပျောက်ဆုံးနေတဲ့ သူတွေလည်းရှိတယ်။ ခရီးသွားရင်းပျောက်ဆုံးသွားတဲ့ လူတွေကိုလည်း မိသားစုတွေက လိုက်လံစုံစမ်းတဲ့အခါမှ သတ်ဖြတ်ခံလိုက်ရကြောင်းသိရှိရတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်လို့ BWCI တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ လွိုင်ကော်မြို့မှာတိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် ကရင်နီပြည်နယ်က ဒေသခံပြည် သူတွေဟာ ကျန်းမာရေးနဲ့ အခြေခံလိုအပ်ချက်အတွက် တောင်ကြီးမြို့ကို သွားရောက်ရတဲ့အခါ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ ပင်လောင်း၊ ဆီဆိုင်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာရတဲ့အချိန်မှာ ဖမ်းဆီးတာတွေ ကြုံခဲ့ကြရတာပါ။

ကရင်နီဒေသခံတွေကို PNO ပအိုဝ်းပြည်သူ့စစ်တွေက ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ DVB က ဆက်သွယ်မေးမြန်းရာမှာတော့  ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး ခွန်သန်းကြွယ်က ငြင်းဆိုပါတယ်။

“ကျနော်တို့အဖွဲ့အနေနဲ့လည်းတစုံတရာ ထုတ်ပြန်စရာမရှိပါဘူး၊ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး၊ အဲ့ဒီ ၂၇ ယောက်ကိစ္စကလည်း ကျတော်တို့အဖွဲ့နဲ့ ဘာပတ်သတ်မှုမှမရှိပါဘူး၊ ဘာမှမလုပ်ရဘူး၊ အဲ့တာ သတင်းလျှောက်ပြီးပြောနေတာ၊ မမှန်ဘူးဗျ ကျနော်တို့လည်း မသိရဘူး အဲ့ဒီကိစ္စတွေ။”

အစီရင်ခံစာနဲ့ဖော်ထုတ်တဲ့  BWCI အနေနဲ့ ကတော့အရပ်သားပြည်သူတွေအပေါ် လက်နက် ကိုင်တပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013