DVB Logo
Home
Lead Story
ဒိုက်ဗာ ကြင်စိုး (သရော်စာ)
DVB
·
February 25, 2025
ဒိုက်ဗာ ကြင်စိုး (သရော်စာ)
Donate to DVB

(က)

မအလ အမည်တွင်၊ ကြင်စိုး အမည်ရ၊ သာဝ အမည်ပြောင် ရှိတော်မူထသည့် ဗိုလ်ကြောင်ချေးကား ကျန်းမာရေးမကောင်းဟု သိရှိရပါပေ၏။ အဘစောမူးသာ၏ သတင်းကို တောင်ကျောင်းမှ စိမ်းသရဖူစိမ်းကိုယ်တော်က စိတ်ဝင်စားသွားကာ မေးတော်မူလာပါ၏။

“တပ်ချုပ်ကြီးက ဘာရောဂါ ဖြစ်နေတာတဲ့လဲ”

“အဲ . . . ရောဂါကတော့ အစုံပါပဲဘုရာ့၊ သွေးတိုးလည်းရှိတယ်၊ ဆီးချိုလည်းရှိတယ်၊ နှလုံးလည်းရှိတယ်၊ လေးဘက်နာလည်းရှိတယ်၊ အဆိုးဆုံးကတော့ ‘ခုခံအား ကျဆင်းနေတဲ့ ရောဂါ’ ပါတဲ့ ဘုရား”

“ဟေ . . .”

“ဒါဆိုရင် HIV ပေါ့စတစ် ဖြစ်နေတဲ့ သဘောပေါ့”

“အတိအကျတော့ မသိရသေးဘူး လုံးတုံးရ”

ဆရာတော်က ဝင်မမေးတော့ဘဲ အဘတွေ၏ အမေးအဖြေတွေကိုသာ စိတ်ဝင်စားစွာ နားထောင်နေတော် မူပါလေ၏ ခင်ဗျာ။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က ဝင်မေးလာပါ၏။

“အခု တပ်ချုပ်ကြီးက ဘယ်လိုဖြစ်နေလို့လဲဟ”

“အခုဆို နေ့စဉ်လိုလို ဝမ်းတွေအရမ်းသွားနေတယ်လို့ အတွင်းသတင်းအရ သိရတာပဲ”

“ဟဲဟဲ ဟဲဟဲ . . . ခုခံအားကျရင် ဝမ်းတွေသွားတာ ဝမ်းဆက်ပဲလေကွာ စိမ်းမောင်ရာ”

“ဟေ . . . ဒါပေမယ်လို့ ငါတို့ သူ့ကို TV ထဲမှာ တွေ့နေရတာပဲ ဟကောင်တွေရ”

“အေးကွ စိမ်းမောင်ရ၊ မင်းတို့အဘက အပေါ်ပိုင်းမှာ ‘ကျည်ကာ’ အင်္ကျီကြီးဝတ်ပြီး အောက်ပိုင်းမှာတော့ ‘အီးကာ’ ဒိုက်ဗာကြီး မပြတ်ဝတ်ထားရတာ ကြာပြီတဲ့ဟ စိမ်းမောင်ရ”

“အမ် . . .”

သို့ဖြင့် အဘလုံးတုံးက “ကြင်စိုး သာဝ မအလကြီးက ဘယ်လိုဖြစ်လို့ ခုခံအားတွေ ကျဆင်းသွားရတာလဲ မူးသာ” ဟု မေးလေရာ အဘစောမူးသာက ဤသို့ ဖြေပါလေ၏ ခင်ဗျာ။

“သူ့နောက်လိုက် သူ့လက်ပါးစေ ဖက်ဆစ်ကောင်တွေဟာ အခုဆိုရင် နိုင်ငံအဝှမ်း စစ်မြေပြင် နေရာတိုင်းမှာ တော်လှန်ရေးတပ်တွေကို မခုခံနိုင်တော့ဘဲ ခုခံအားတွေ ကျသွားကတည်းက မအလကြီးလည်း ခုခံအားတွေထိုးကျပြီး အခုလို ကြောက်ချေးတွေ ပန်းထွက်နေတော့တာတဲ့ ဗျား”

“ဝါး ... ဟားဟား ဟားဟား ဟားဟား”

(ခ)

ဆရာတော်က ပြတင်းပေါက်မှာ သွားရပ်တော်မူနေကာ စကားဝိုင်းကို နားစွင့်တော်မူနေပုံရပါ၏။ ‌အဘစိမ်းမောင်ကား မကျေမနပ် မျက်နှာနှင့်။ “မင်းတို့ကောင်တွေက ဟာသဖောက်ဖို့ပဲ၊ ရီးပဲကွာ” ဟု ဆဲရေးပါလေရာ အရွှင်အဘတွေမှာ တဟားဟား အရယ်မပျက်ပါ ခင်ဗျာ။

“မင်းတို့ကောင်တွေကသာ မင်းတို့နိုင်မယ် ထင်နေတာ၊ နောက်ဆုံးမှာ တပ်ချုပ်ကြီးပဲ နိုင်မှာ”

“ဟားဟား ဟားဟား ဟားဟား”

“အေးပါ၊ ရယ်ထားကြပါ၊ တပ်ချုပ်ကြီးက လုပ်တော့မှာ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

သို့ဆိုလေရာ “မအလက ဘယ်လိုလုပ်မယ်ပြောတုန်း စိမ်းမောင်ရ” ဟု အချွန်နှင့် မကြပြန်ပါ၏။

အဘစိမ်းမောင်ကလည်း တုံ့ပြန်လာပါ၏။

“နိုင်ငံတဝန်း စစ်ရှုံးနေပေမဲ့ လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေ အပါအဝင် ခေတ်မီလက်နက်ခဲယမ်းတွေ အများကြီး ပိုင်ဆိုင်ထားလို့ တပ်ချုပ်ကြီး ထလုပ်တဲ့အခါ အကုန်ပြေးရမှာကွ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

“အေးပါ . . . ရယ်ထားကြအုံးပေါ့”

ပြီးတော့ ဆက်ပြန်ပါလေ၏ ခင်ဗျာ။

“တပ်ချုပ်ကြီးက ဗိုလ်သင်တန်းဆင်းပွဲမှာလည်း မိန့်ခွန်းပြောသေးတယ်ကွ”

“ဘာတွေ ‘ရွှီး’ သေး ... အဲ ... ဘာတွေပြောသေးတုန်း”

“စစ်တပ်အနေနဲ့ နိုင်ငံတော်ကိုကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရမယ်တဲ့၊ အခုဆင်နွှဲနေတဲ့ စစ်ဟာလည်း တရားသောစစ် ဖြစ်တယ်တဲ့”

“အေးပေါ့ကွာ၊ ‘တရားတဲ့သူသာ နိုင်ကြေး’ ပဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ”

“အဲ . . . တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲတွေ ဖော်ဆောင်လာမှုတွေကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ တပ်ချုပ်ကြီးက ပြောတယ်ကွ”

“အမယ်မယ် . . . ပြည်သူကိုသတ်တဲ့သူက ပြည်သူနဲ့ ပူးပေါင်းအုံးမတဲ့လား”

“ဟမ် . . .”

“ဒါနဲ့ ကြင်စိုးက သူ့မိန့်ခွန်းထဲမှာ သူ့ကို ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ဆုကြေးပါ ထုတ်ထားခံရလို့ သူ့ကို နောက်ဆုံးအချိန်အထိ အသက်ပေးပြီး ကာကွယ်ပေးကြပါလို့ကော မပါဘူးလား”

“ဟားဟား ဟားဟား ဟားဟား”

(ဂ)

အခုအချိန်မှာ သူ့နောက်လိုက်တွေအနေနဲ့ မြေပြင်အခြေအနေ အစစ်အမှန်ကို သိဖို့ကောင်းပြီလို့ အရွှင်အဘတွေက သုံးသပ်ကြလေရာ အဘစိမ်းမောင်က မှုန်တေတေဖြင့် ကြည့်ပါ၏။

“သူခိုး ဓားပြ မုဒိမ်းသမား လူယုတ်မာ အာဏာရူး လူသတ်သမား လူလိမ် လူကောက် ဝရမ်းပြေးတယောက်ကို အသက်ပေးပြီး ကာကွယ်နေကြအုံးမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့ကွာ”

“အာ . . .”

“အဲဒါကြောင့် ၈ လုံးဖွဲ့ သတိပေးကဗျာလေးတောင်မှ ငါစပ်ထားသေးသကွ”

ဆရာတော်က ပြတင်းပေါက်နားကနေ ခေါင်းကို အနည်းငယ်ငဲ့ကာ နားစွင့်နေတော်မူတာကို တွေ့ရပါလေရာ အဘစောမူးသာက ပြုံးစိပြုံးစိလုပ်ကာ မေးထိုးပြပါလေ၏။

“ကဲပါ မူးသာရာ . . . မင်းကဗျာလေးကို ရွတ်ပြစမ်းပါအုံးကွာ”

“အေးပါလုံးတုံးရယ်၊ စိမ်းမောင်တို့လည်း နားဆင်ချင်ကြတယ်မဟုတ်လား”

“အေး . . . အဲ . . .”

အဘစောမူးသာက သူ့ဖုန်းထဲမှာရေးထားသည့် ၈ လုံးဖွဲ့ကဗျာကို ရှာပါ၏၊ ရေနွေးကြမ်းတခွက်ကို မော့ချရင်း လည်ချောင်းရှင်းလိုက်ကာ ပီသ ကြည်မြသော အသံကြီးဖြင့် ရှင်းလင်းပြတ်သားစွာ ရွတ်ဆိုပြပါလေတော့သတည်း။

“ကြင်စိုးမည်ရ မ အ လ မှာ

အာဏာသိမ်းမိ လေးနှစ်ရှိလာ

ဒါပေမဲ့လည်း ရှောင်လွှဲသွေခွာ

ကမ္ဘာကြီးက အသိအမှတ်မပြုပါ”

“နှစ်ငါးနှစ်သစ် ဖွင့်လှစ်ချိန်ခါ

သာဝကြင်စိုး ဇာတာတိုးလာ

စုတ်သာမက လာဘ်ပါဖြိုးကာ

ကမ္ဘာကြီးက အသိအမှတ်ပြု၍လာ”

“ဘောလုံးစတား အများထွက်ရာ

မာရာဒိုနာ မက်ဆီလည်းပါ

အာဂျင်တီးနား တရားမြေမှာ

သာဝတပ်ပြုတ် ဝရမ်းထုတ်ခါလာ”

“အာဂျင်တီးနား တရားစွဲလာ

ရိုဟင်ဂျာရေး ရှောင်မပြေးသာ

သက်ကာရတွေ သက်သေစုံစွာ

သာဝကြင်စိုး ဘယ်ချောင်တိုးရမှာ”

“ဖက်ဆစ်ခိုင်းဖတ် တပ်သားစုံစွာ

ခုခါစဉ်းစား ပြတ်သားကြပါ

သာဝတပ်ပြုတ် ကြိုးရှုပ်တော့မှာ

မကြာမီလေး ဝရမ်းပြေးကြီးသာ”

“မင်းတို့သခင် ဘိုရူးကြင်ဟာ

အာဂျင်တီးနား စံပြထားကာ

လာလိမ့်အုံးမယ် မှုရယ်စုံစွာ

ဟိုသည်မှာလည်း စွဲကြလေအုံးမှာ”

“အရူးခေါင်ချုပ် ဘိုတပ်ပြုတ်ဟာ

ကြာလေရူးလေ သွက်ခါလေပါ

ထင်ရာပြောလုပ် အယုတ်စုံစွာ

နောက်ပါများ ပြတ်သားကြစမ်းပါ”

“ဘုရင်ရူးကြီး ပြေးဖို့နီးလာ

အာဏာလက်မဲ့ ပြေးတဲ့အခါ

နောက်ပါအများ ချန်ထားခဲ့မှာ

သည်ခါကျ ဒုက္ခတွေ့ကြမှာ”

“ကြင်စိုးနိဂုံး ဂိတ်ဆုံးတော့မှာ

နောက်ပါလူတို့ စဉ်းစားလို့သာ

မသာကောင်ကြီး ဖမ်းပြီးချုပ်ကာ

လာ၍အပ် ပြည်သူ့တပ်ကိုပါ”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013