
ယူဂန်ဒါတရားရုံးဟာ ၄ ကြိမ်တိုင်တိုင် သမ္မတလောင်းကိုယ်စားလှယ်ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ကစ်ဇာ ဘယ်ဆစ်ဂ်ယဲကို လွှတ်ပေးရန် လျှောက်ထားမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘဲ နောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၂၁ ရက်မှာ ဘယ်ဆစ်ဂ်ယဲကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
မက်ဂျစ်စထြိတ် တရားသူကြီး အက်စ်သာ ညာနိုဒီက “ဒီပြစ်မှုရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတော်သစ္စာဖောက်မှုပါပဲ။ ဗိုလ်မှူးကြီးအငြိမ်းစား ဒေါက်တာ ကစ်ဇာ ဘယ်ဆစ်ဂ်ယဲနဲ့ ပူးပေါင်းကြံစည် လုပ်ဆောင်သူတွေ၊ လွတ်မြောက်နေသေးတဲ့ တခြားသူတွေဟာ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအကြား ဂျီနီဗာ၊ ဆွစ်ဇာလန်၊ ဂရိရှိ အေသင်မြို့၊ ကင်ညာရှိ နိုင်ရိုဘီ၊ ယူဂန်ဒါနိုင်ငံရှိ ကမ်ပါလာ စတဲ့ နိုင်ငံအများအပြားက နေရာအမျိုးမျိုးမှာ လက်နက်အင်အားသုံးပြီး ယူဂန်ဒါအစိုးရကို ဖြုတ်ချဖို့ ကြံစည် လုပ်ဆောင်ခဲ့ကြတယ်”လို့ ဖတ်ကြားသွားပါတယ်။
အာဏာပိုင်တွေဟာ ဘယ်ဆစ်ဂ်ယဲရဲ့ ဆေးကုသမှုခံယူခွင့်ကို ငြင်းဆိုခဲ့ပြီး အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတယ်လို့ ဘယ်ဆစ်ဂ်ယဲရဲ့ ရှေ့နေ အယ်ရီယာ့စ် လူကွာဂိုက တရားရုံး အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အကျဉ်းကျခံနေရတဲ့ စွပ်စွဲခံရသူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်စရိတ်နဲ့ ဆေးကုသ ခံယူခွင့်ကို ရရှိထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃ မှာ ပါရှိပေမဲ့ ဘယ်ဆစ်ဂ်ယဲအနေနဲ့ ကုန်ကျစရိတ်ကို ကျခံဖို့ အဆင်သင့်ဖြစ်နေတာတောင် သူ့ရွေးချယ်ထားတဲ့ ဆေးခန်းမှာ ဆေးကုသခွင့် မပေးဘဲ ထားပြီး ရှုပ်ထွေးအောင် လုပ်နေတယ် လို့ ဆိုပါတယ်။
သမ္မတ ယိုဝယ်ရီ မူဆယ်ဗယ်နီကို နှစ်ရှည်လများ ဝေဖန်လာသူ ဘယ်ဆစ်ဂ်ယဲဟာ သူ့ကို တရားရုံးမှာ ထပ်မံ ရုံးထုတ်မယ့် မတ် ၇ ရက်အထိ အချုပ်ထဲမှာပဲ ဆက်ရှိနေရဦးမှာဖြစ်ပါတယ်။
Source : Reuters










