
ဘရာဇီးလ်တက္ကသိုလ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဆောင်ပေါလို ပြည်နယ် အရှေ့တောင်ပိုင်းရှိ ရီဘေရို ပရဲ့တိုမြို့အနီးမှာ ထရပ်ကားနဲ့ တိုက်မိခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်သမားတွေနဲ့ ပြည်တွင်းမီဒီယာတွေက ပြောပါတယ်။
ဘတ်စ်ကားဟာ ယူနီဖှရန်လို့ သိကြတဲ့ ဖှရန်ကာတက္ကသိုလ်မှ ကျောင်းသားတွေကို တင်ဆောင်လာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နှောင်းပိုင်းက မော်တော်ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသား ၁၂ ဦး အပါအဝင် ဘေးဒဏ်သင့်သူ ၃၁ ဦး ရှိတဲ့ အခင်းဖြစ်ပွားတဲ့နေရာကို အရေးပေါ်တုံ့ပြန် ကယ်ဆယ်ရေးအဖွဲ့တွေ ပထမဆုံး ရောက်ရှိလာကြကြောင်း ပြည်နယ်မီးသတ်သမားတွေက ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထရပ်ကားမောင်းသူကို မှားယွင်းစွာ လူသတ်မှု၊ မှားယွင်းစွာ ခန္ဓာကိုယ် ထိခိုက် ဒဏ်ရာ ရစေမှုနဲ့ အကူအညီပေးဖို့ ပျက်ကွက်မှုတွေနဲ့ ဒဏ်ခတ်အရေးယူထားကြောင်း ပြည်နယ်ကိုယ်စားလှယ် ဂျိုအောင်း ဘတ်စီတွတ်စီ နေးတိုက ပြောပါတယ်။
တက္ကသိုလ်ရဲ့ အားကစားအဖွဲ့အစည်းက သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ စည်းလုံးညီညွတ်မှု ရှိကြောင်း အင်စ်တာဂရမ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters











