
ဘရာဇီးလ်သမ္မတ လူးဝဇ် အင်နာစီယို လူလာဒါဆေးလ်ဗားဟာ လူ့အခွင့်အရေးဝန်ကြီး ဆီလ်ဗီယို အလ်မေဒါမှ တခြားအစိုးရအဖွဲ့ဝန်ကြီးတဦးအပါအဝင် အမျိုးသမီး အများအပြားအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကြောင်း စွပ်စွဲချက်တွေ ထွက်လာပြီးနောက် စက်တင်ဘာ ၆ ရက် မှာ သူ့ကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
“ဝန်ကြီး ဆီလ်ဗီယို အလ်မေဒါအပေါ် ပြင်းထန်တဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့ကို စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ ပလာနာလ်တို နန်းတော်မှာ တွေ့ဆုံဖို့ ဆင့်ခေါ်ခဲ့ကြောင်းနဲ့ သမ္မတ လူလာ ဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာဝန်ကြီးဌာနရဲ့ အကြီးအကဲကို ရာထူးမှ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း” ဘရာဇီးသမ္မတရဲ့ လူမှုဆက်သွယ်ရေးရုံးမှ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်တွေရဲ့ သဘောသဘာဝကို ထည့်သွင်းစဉ်းစားပြီးတော့ ဒီဝန်ကြီးကို ရာထူးမှာ ဆက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သမ္မတက ယူဆကြောင်းလည်း ဆိုထားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ကနဦး စုံစမ်းစစ်ဆေးရေး ပရိုတိုကောကို တရားဝင် ဖွင့်လှစ်ခဲ့ပြီး သမ္မတရဲ့ ပြည်သူ့ကျင့်ဝတ်ကော်မတီကလည်း အဖြစ်မှန်တွေကို ရှင်းလင်းဖို့အတွက် ပဏာမလုပ်ငန်းစဉ်ကိုလည်း ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်အစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို ထပ်မံအတည်ပြုပြီး အမျိုးသမီး တွေအပေါ် ဘယ်လိုပုံစံနဲ့မှ အကြမ်းဖက်မှုကို လုံးဝသည်းခံမှာမဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လူနည်းစုအခွင့်အရေးတွေကို ဥပဒေကြောင်းအရ ခုခံကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဘရာဇီးလ် လူ့အခွင့်အရေးဝန်ကြီး အလ်မေဒါကတော့ ရာထူး ထုတ်ပယ်ခံရပြီးနောက်မှာ သူ့မှာ အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်အောင် သူ့ကို ရာထူးကနေ ထုတ်လိုက်ပါလို့ သမ္မတ လူလာကို သူက တောင်းဆိုခဲ့တာဖြစ်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတခုထဲမှာ ပြောပါတယ်။
အလ်မေဒါရဲ့ နှောင့်ယှက်ခံရတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီး တစ်ဦးမှာ လူမျိုးရေးတန်းတူညီမျှရေး ဝန်ကြီး အန်နီယဲလီ ဖှရန်ကို ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ဖော်ရေးသားထားပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်တဲ့ ဖှရန်ကိုက သူ့ကို ထောက်ခံအားပေးသူ တွေကို ကျေးဇူးတင်ကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး သူ့ရဲ့ ရာထူးနဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လေးစားပေးဖို့ တောင်းဆိုပါတယ်" လို့ အင်စတာဂရမ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပြောကြားခဲ့ပါတယ်။
Source-Reuters