DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် ကုလအကြီးအကဲ ဘင်္ဂလားဒေ့ရှ် သွားမည်
DVB
·
February 21, 2025
ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် ကုလအကြီးအကဲ ဘင်္ဂလားဒေ့ရှ် သွားမည်
Donate to DVB

လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမယ့် မတ်လထဲမှာ သွားရောက်ဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမှာ ဖော်ပြပါတယ်။

သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အကျပ်အတည်းတွေကို နားလည်သဘောပေါက်ဖို့ ဒုက္ခသည် စခန်းတွေဆီ သွားရောက်ဖို့ရှိနေတဲ့အကြောင်း သံတမန်သတင်းရင်းမြစ်တွေက အတည်ပြု ပြောကြားထားပါတယ်။

ခရီးစဉ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်မှာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်မယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နိုင်ငံတွင်း ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းနီးပါးကို နေရပ်ပြန်ပို့ရေးမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ ရရှိဖို့ တက်ကြွစွာ ကြိုးပမ်းနေတဲ့အကြောင်း သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ဘေးကင်းဇုန်တခု သတ်မှတ်ထားရှိပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က အဆိုပြုထားခဲ့တာပါ။

ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ နိုင်ငံတကာညီလာခံအတွက် သူ့ရဲ့ အဆိုပြုချက်ကို ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းခဲ့ပြီး တရားဝင်အတည်ပြုချက်ရရှိ ထားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြဿနာကို ကမ္ဘာ့ပလက်ဖောင်းဆီ မြှင့်တင်နိုင်ရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဦးဆောင်ဖို့ ယူနွတ်စ်က သံအမတ်ကြီး ဒေါက်တာ ခါခီလူရ်ရာမန်ကို အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခဲ့သလို ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တိကျတဲ့ မူဘောင် ရေးဆွဲနိုင်ရေး အဆိုပြုထားတဲ့ နိုင်ငံတကာညီလာခံ အောင်မြင်စေဖို့ အတွက် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဘေးကင်းဇုန် ထူထောင်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကိုတော့ ဆက် လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ လတ်တလောမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ ဒီခရီးစဉ်ဟာ နောက်ဆုံးအဆင့်ဖြစ်သလို ဘယ်နေ့ဘယ် ရက်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ အကျပ်အတည်းဖြေရှင်းနိုင်ရေး နည်းလမ်း ရှာဖွေနိုင်ဖို့ ယူနွတ်စ်နဲ့ အရေးကြီးတွေ့ဆုံမှု ပြုလုပ်နိုင်ဖို့ မျှော်လင့်ရသလို ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း ယူနွတ်စ်က ရိုဟင်ဂျာ အကျပ်အတည်းကို ပြတ်ပြတ်သားသားအရေးယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်း ပြောကြားပြီး အိုးမဲ့အိမ်မဲ့ အသိုက်အဝန်းရဲ့ ဂုဏ်သိက္ခာ၊ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို လက်ကိုင်ထားဖို့လည်း ထပ်လောင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒီအကျိုးဆက်အနေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို အလေးပေးပြောကြားခဲ့ပြီး ရေရှည်အကျပ်အတည်းက သမားရိုးကျနဲ့ သမားရိုးကျမ ဟုတ်တဲ့ လုံခြုံရေးအန္တရာယ် နှစ်ခုလုံးဖြစ်စေနိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလတွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးမှာ မြင်သာထင်သာရှိတဲ့ တိုးတက်မှု မရရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

Source: Bangladesh First

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013