DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း ကြေးနီစီမံကိန်းသို့ပို့မည့် ဆာလ်ဖျူရစ်အက်ဆစ်သယ် ယာဉ်တန်း မိုင်းဆွဲခံရ
DVB
·
February 21, 2025
လက်ပံတောင်း ကြေးနီစီမံကိန်းသို့ပို့မည့် ဆာလ်ဖျူရစ်အက်ဆစ်သယ် ယာဉ်တန်း မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်အတွင်း မုံရွာ-ပုသိမ် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်က ကြေးနီစီမံကိန်းမှာ အသုံးပြုမယ့် ဆာလ်ဖျူရစ်အက်ဆစ် သယ်ဆောင်လာတဲ့ ယာဉ်တန်း မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါယာဉ်တန်းဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကြေးနီထုတ်လုပ်ရေး ကုန်ကြမ်းတွေ ပို့ဆောင်ဖို့ ရန်ကုန်ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ် သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံရွာသားတယောက်က “မိုင်းဆွဲတဲ့နေရာက ကျနော်တို့ရွာအနီးမှာ ဖြစ်သွားတာဗျ။ ရွာအမည်ကိုတော့ လုံခြုံရေးအရ မထည့်စေချင်ဘူး။ ကျနော်တို့ ဒေသခံတွေကတော့ လက်နက်ကိုင်သူမှန်သမျှကို ကြောက်ရတယ်။ မိုင်းဆွဲခံရလို့ ပစ္စည်းတွေတင်လာတဲ့ တွဲကား ၅ စီး ပျက်စီးတာကိုတော့ မြင်ရတယ်။ လူအသေအပျောက်ကတော့ ဘာမှမသိရဘူး။ ကျနော်တို့လည်း အခုလိုဖြစ်တော့ ရွာထဲ မနေရဲတော့ဘူးလေ။ ရွာကနေ ထွက်ပြေးနေကြရတယ်။ မပြေးလို့လည်း မရဘူးဗျ။ စစ်တပ်က တွေ့ရာအကုန် သိမ်းကြုံးသတ်ဖြတ်တာတွေ လုပ်တယ်။ ကျနော်တို့ အမြင်ကတော့ ဒီအရေးခင်းကြီး မြန်မြန်ပြီးစေချင်ပြီ။ လူတွေလည်း ဘဝတွေပျက်လှပါပြီ” လို့ ပြောပါတယ်။

စစ်တပ်ကားတွေနဲ့ အက်ဆစ်ကားတန်း တိုက်ခိုက်ခံရပြီး ညနေ ၆ နာရီမှာ ဒုန်းတောရွာ အရှေ့ဘက်မှာရှိတဲ့ မြန်မာ-ယန်စီ ကုမ္ပဏီကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ဒေါ်သန်းဌေး အသက် ၅၅ နှစ် သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကြေးနီစီမံကိန်းကို ကြေးနီထုတ်လုပ်ရေးကုန်ကြမ်းတွေ ပို့ဆောင်တဲ့ တွဲကားတွေဟာ အစီးအရေအတွက် ၂၈ စီးအထိရှိပြီး စစ်တပ်အစောင့်အကြပ်နဲ့ သွားလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “သူတို့က စစ်တပ်အားကိုးနဲ့ ကျနော်တို့ဘက်ကို နယ်မြေတွေကို လုပ်ချင်သလို လုပ်နေတာဗျာ။ သူတို့လုပ်တာကို ကျနော်တို့ ဘာမှမလုပ်ချင်ပေမဲ့ စကစ စစ်ကားတွေလည်း ပါတော့ ကျနော်တို့ဘက်က တွယ်ရမှာပဲလေ။ အခုဟာက ဆာလ်ဖျူရစ်အက်ဆစ် သယ်ဆောင်လာတဲ့ကားက ၂၈ စီးပါဗျ။ စစ်ကိုင်းတပ်မ ၃၃ ထဲကနေ လုံခြုံရေးယူပေးဖို့ လိုက်လာတာက ၁၅ စီးနဲ့ Jumper စစ်ကား ၅ စီးပါဗျ။ ကျနော်တို့ အခုလိုတိုက်ခိုက်ရတာကလည်း ကြေးနီယန္တရား လည်ပတ်မှုကို အဟန့်တားတခု အနေအထားထိ ဖြတ်တောက်ချင်လို့ တိုက်ခိုက်ခဲ့တာရယ် ကြေးနီကို ပြန်ပြီး စစ်ကောင်စီရဲ့ ကျည်ထုတ်လုပ်မှု အနည်းငယ် အဟန့်အတား ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်တွေကြောင့်ပါ” လို့ ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ လုံခြုံရေးကား အပါအဝင် အက်ဆစ်သယ်တွဲကား ၅ စီး ပျက်စီးခဲ့ပြီး စစ်ကာင်စီတပ်ရဲ့ ပို့ဆောင်ရေးဌာနက ရုံးစာရေးကြီးတာဝန်အဆင့်ရှိသူ ဝန်ထမ်း၊ Non CDM ဝန်ထမ်း ၃ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုအရေအတွက်ကို မသိရသေးဘူးလို့လည်း အဆိုပါခေါင်းဆောင်က ထပ်ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၄ လက်ရုံးတပ် Brave Heart Army-BHA ကနေ ဦးဆောင်တိုက်ခိုက်ခဲ့ကာ Chindwin Fighter Group CFG ၊ Golden Peacock Attack Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013