DVB Logo
Home
မြန်မာသတင်း
စလင်းမြို့က Non CDM ဝန်ထမ်းများ ပြောင်းရွှေ့ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
February 21, 2025
စလင်းမြို့က Non CDM ဝန်ထမ်းများ ပြောင်းရွှေ့ရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့က ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ Non CDM ဝန်ထမ်းတွေ ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီက တိတ်တဆိတ် ညွှန်ကြားထားတယ်လို့ ဒေသခံ Non CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ် ထွေအုပ်ရုံးနဲ့နီးစပ်သူတယောက်က “စလင်းမြို့ပေါ် ဌာနပေါင်းစုံက ဝန်ထမ်းတွေကို အရေးကြီးစာရွက်စာတမ်းတွေ ယူပြီးတော့ မင်းဘူးနဲ့ မကွေးမြို့တွေကို ပြောင်းဖို့ အရင်ရက်ပိုင်းကပဲ အထက်က တိတ်တဆိတ် ညွှန်ကြားထားတာတော့ ရှိတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အဆိုပါညွှန်ကြားချက်ကို ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း စလင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးတွေက အရေးကြီးစာရွက်စာတမ်းတွေကို မင်းဘူးနဲ့ မကွေးမြို့တွေကို ရွှေ့ပြောင်းခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။

စလင်းမြို့ပေါ်က အမျိုးသားတယောက်က “ထွေအုပ်လို၊ လဝကလို အရေးကြီးတဲ့ ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေတော့ တိုးတိုးတိတ်တိတ် ပြောင်းတာ ရွှေ့တာတွေ လုပ်နေတယ်။ လက်ရှိဝန်ထမ်းတွေက ပစ္စည်းတွေကို တခါတည်းလည်း မပြောင်းကြဘူး။ ကြွက်သယ် သယ်နေကြတာ မြင်တွေ့နေရတယ်။ အခုလထဲမှ ပြောင်းတာ ရွှေ့တာတွေ အများဆုံးလုပ်နေတာ” လို့ DVB ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာတော့ စလင်းမြို့ပေါ်က လဝကဝန်ထမ်းတွေ ပြောင်းရွှေ့နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ DVB က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်ခဲ့ရာ တာဝန်ကျဝန်ထမ်းက ဖြေဆိုခွင့် မရှိပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

စလင်းမြို့နယ် ပကဖ ရဲဘော်တယောက်က “အဲဒီကိစ္စ ကျနော်တို့လည်း ကြားနေတယ်။ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်လို့လား။ ဒါမှမဟုတ်ရင် သူတို့ စစ်ကောင်စီဘက်က စစ်ရေးကြိုတင်ပြင်ဆင်တာလား ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့အနေနဲ့ အထူးသတိပေးချင်တာကတော့ ပြည်သူတွေကိုပါပဲ။ စစ်တပ်ဟာ ပြည်သူကို ပြည်သူလို မမြင်လို့ ပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စလင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့် လိုက်နာပေးကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကိုလည်း ပြုလုပ်ထားကြဖို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂ဝဝ နီးပါး ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက စလင်းမြို့နယ်၊ တညောင်တိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူ ထောင်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို အဆိုပါစစ်ကြောင်းနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013