DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ရိုဟင်ဂျာ ၉၀၀ ကျော်ကို အဓမ္မ စစ်မှုထမ်းခိုင်းမှာ  စိုးရိမ် 
DVB
·
February 20, 2025
အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ရိုဟင်ဂျာ ၉၀၀ ကျော်ကို အဓမ္မ စစ်မှုထမ်းခိုင်းမှာ  စိုးရိမ် 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်ရှိတဲ့ ရိုဟင်ဂျာ ၉၀၀ ကျော်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း မထုတ်ပြန်သေးတဲ့အတွက် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှာကို  ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်‌ရက်စေ့တဲ့ ရိုဟင်ဂျာ ၉၁၈ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရန်ကုန်ကနေ စစ်တွေမြို့ကို ရေကြောင်းကနေ ပို့ဆောင်ခဲ့တာပါ။

စစ်တွေကိုပို့ဆောင်လိုက်တဲ့ အထဲမှာ ရိုဟင်ဂျာ ကလေးသူငယ် ၆၇ ယောက် ၊ အမျိုးသမီး ၂၆၇ ယောက်နဲ့ အမျိုးသား ၅၈၄ ယောက်ပါဝင်တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိမှာ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာအကျဉ်းသားတွေတွေထဲက အမျိုးသမီးတွေနဲ့ ကလေးသူ ငယ်တွေကို စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာထားရှိဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာအကျဉ်းသားတွေကိုတော့ စစ်ကောင်စီအနေနဲ့ ဘယ်နေရာမှာ ထားရှိမယ် ဆိုတာနဲ့ပတ်သတ်ပြီး ဒီကနေ့အထိ သတင်းထုတ်ပြန်ထားတာမရှိပါဘူး။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “မနေ့ညကအထိတော့ ရခိုင်ပြည်နယ်ထဲကို ရောက်သွားပြီဆိုတာကို သိရပါတယ်။ အဲဒီအထဲကမှ တချို့ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ တရွာမှာ လူဦးရေ ၁၀၀ နဲ့ ၁၅၀ နှုန်းတာဝန်ယူလက်ခံပေးဖို့ပေါ့ Camp တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာလူကြီးတွေကို ခေါ်ပြောတာရှိပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကိုတော့ ဘယ်နေရာမှာထားမယ် ဘာလုပ်မယ်ဆိုတာတော့ တိတိကျကျမပြော သေးပါဘူး”လို့ ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ စစ်တွေမြို့မှာ ရိုဟင်ဂျာအမျိုးသား ၅၀၀ ကျော်ကို အဓမ္မစစ်မှုထမ်းခိုင်း တဲ့အထဲကို ထည့်သွင်းလိုက်မှာကိုစိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကိုရိုနေဆန်းလွင်က “ကျနော်တို့ကတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးနေတဲ့ အချိန်ဖြစ်နေတာကြောင့် ရောက်ရှိသွားတဲ့ အမျိုးသားတွေကို နေရာချထားမပေးဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာ စိုးရိမ်နေကြပါတယ်၊ များသောအားဖြင့်က ဘူးသီးတောင်၊ မောင်တော နယ်မြေက ဖြစ်ကြတာကြောင့် တနည်းတဖုံနဲ့ သူတို့ မူရင်းနေရပ်ကို ပို့ပေးဖို့ပါပဲ၊ ကိုယ့်နေရပ်ကို ပြန်နိုင်မှ သူတို့ဘဝတွေကို ပြန်စဖို့ လွယ်ကူပါမယ်၊ အခုက အကျဥ်းထောင်ကနေ ဒုက္ခသည်စခန်းကို ပို့တော့ အထူးအလဲ ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ဘူး၊ အမျိုးသားတွေလည်း စစ်မှုထမ်း ခိုင်းခံရမှာကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ရှုံးနေတာကြောင့် ရှေ့တန်းပို့ဖို့ စစ်သားသစ်စုဆောင်းတာဖြစ်နိုင်သလို တဘက်မှာလည်း ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေကြားမှာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်ကောင် စီအနေနဲ့ ရည်ရွယ်ချက်ရှရှိ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

အခုလက်ရှိစစ်တွေမြို့ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ထဲကနေ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကို သွားရောက်ဖို့ကြိုးစားရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013