
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါက်တောကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က စစ်တပ်သုံး ကားမိုင်းကို ကောက်ယူလာပြီး ထုကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း Mon Liberation Army (MLA) အဖွဲ့ထံက သိရပါတယ်။
အဲဒီ စစ်တပ်သုံး ကားမိုင်း ၂ လုံးကို ပေါက်တောကျေးရွာရှိ ရော်ဘာခြံတခြံအတွင်း နေထိုင်တဲ့ မိသားစုတစုက ကောက်ယူလာခဲ့ပြီး တလုံးကို ထုခွဲကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မိုင်းပေါက်တာက ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်လောက်ကပါ။ အမှတ် ၁၂ ကပဖထုတ် ခမရ ၂၀၈ က ထောင်ထားတဲ့ တင့်ကားတွေကို ဖောက်ခွဲတဲ့မိုင်း ၂ လုံးကို လမ်းတနေရာက ကောက်ယူလာတာလို့ သိရတယ်။ ကောက်ပြီး ထုတဲ့သူကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့မိသားစုဝင် ၄ ဦးကတော့ ဒဏ်ရာတွေရတာပေါ့။”
မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို မိသားစုဝင်တွေဖြစ်တဲ့ အသက် ၃၀ ကျော် အမျိုးသားတယောက်၊ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတယောက်၊ အသက် ၆ လအရွယ် ကလေးငယ်တယောက်နဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ မိုင်းက အန္တရာယ်ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့နဲ့ အကျွမ်းတဝင်မရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ကိုင်တွယ် ဆော့ကစားတာ၊ ပစ်ခတ်ထုရိုက်ကြည့်တာမျိုး မပြုလုပ်ကြဘဲ စစ်သုံးပစ္စည်းတွေကို တွေ့ရှိပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အသိပေး အကြောင်းကြား ရှင်းလင်းပေးဖို့ အကူအညီ တောင်းစေချင်ကြောင်း Mon LiberationArmy (MLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအုပ်စု၊ မရမ်းကုန်းရွာ အဝင်လမ်းဝမှာ လင်မယား ၂ ယောက်က သုံးဘီးဆိုင်ကယ် တွန်းလာစဉ် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ရာက ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။










