
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာရဲစခန်းနဲ့ တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တပ်က ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက်မှာ ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၆ ယောက် သေဆုံး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ NMSP(AD) က ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ MNSP-AD က စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းဗုံးချ တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစတားကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ဒါ့အပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ကဒါကျေးရွာရဲစခန်းနဲ့ တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း NMSP-AD ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မွန်ပြည်သစ်ပါတီက ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP-AD အနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
MNSP-AD အနေနဲ့ မိမိတို့ ထုတ်ပြန်ပြောဆိုထားတဲ့အတိုင်း တခြား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လက်ရှိမှာ မွန်ပြည်နယ်အတွင်းသာမက ကရင်နဲ့ တနင်္သာရီတိုင်းတွေအထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း မွန်နိုင်ငံရေးလေ့လာသူတွေဆီက သိရပါတယ်။