
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်မှာ ငါးလာရောက်ဖမ်းဆီးသူတွေကို အခမဲ့ ဖမ်းဆီးခွင့်ပြုထားတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ထံက သိရပါတယ်။
ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေးရွာအုပ်စု၊ ရေပူကော့စပ်ကျေးရွာအနီးရှိ ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်မှာ ငါးလာရောက်ဖမ်းဆီးသူတွေထံက အခကြေးငွေ ကောက်ခံတာမျိုး မရှိဘဲ လွတ်လပ်စွာ ဖမ်းဆီးခွင့်ပြုခဲ့တယ်လို့ အင်းတာဝန်ခံ ဦးစောအောင်မျိုးက ပြောပါတယ်။
“ဟိုးအရင်တုန်းကတော့ ငါးဖမ်းကိရိယာအလိုက် ရန်ပုံငွေကောက်ခံတာတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ကျနော်တာဝန်ယူတဲ့အချိန်ကစပြီး အများပြည်သူ လွတ်လပ်စွာ ဖမ်းဆီးစားသောက်နိုင်ဖို့အတွက် အခကြေးငွေ မကောက်ခံတော့ပါဘူး။ ရရှိတဲ့ ငါးအကောင်အကြီးအသေးပေါ် မူတည်ပြီး ဆုချီးမြှင့်ဖို့ ကြေညာထားပေမဲ့ ကော်မတီက သူတို့ငါးကို သိမ်းမှာစိုးလို့ ဘယ်သူမှ လာပြတာမျိုးလည်း မရှိခဲ့ပါဘူး။”
ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ရာ အင်းအနီးအနား ကျေးရွာတွေဖြစ်တဲ့ ငပုအင်းကျေးရွာ၊ ကျုံကွယ်ကျေးရွာနဲ့ ကော့စပ်ကျေးရွာက ဒေသခံတွေအပြင် မော်လမြိုင်၊ မုဒုံနဲ့ ကရင်ပြည်နယ်အတွင်းရှိ ငါးဖမ်းဝါသနာရှင် ၂,၀၀၀ နီးပါးခန့် လာရောက်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ငါးဖမ်းပွဲတော်မှာ ငါးလာရောက်ဖမ်းဆီးသူတွေအနေနဲ့ ယကွင်းကြီး၊ ယကွင်းလေး၊ ရင်တွန်း၊ ကွန်အမျိုးမျိုး၊ ယက်သဲ့အမျိုးမျိုးတို့နဲ့ လာရောက်ဖမ်းဆီးခဲ့ကြကြောင်း ဒေါင်ဒင်အင်းသူကြီး ကော်မတီအဖွဲ့ထံက သိရပါတယ်။
ဒဏ္ဍာရီစကားအရ ရဟန္တာတပါးကို စော်ကားမှုကြောင့် ဒေါင်းဒင်မြို့တော်ကို အုပ်ချုပ်တဲ့ ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတို့အနေနဲ့ လက်ရှိ ဒေါင်ဒင်အင်းနေရာမှာ မြေမြိုခံရပြီးနောက် ချိုင့်အဖြစ် ကျန်ရှိခဲ့တဲ့အပြင် ဘုရင်မင်းမြတ်ရဲ့ စပါးပုံ၊ ကောက်ညှင်းပုံ၊ သမီးတော်ရဲ့ လက်ဝတ်လက်စားတို့ကို စုပုံထားတဲ့နေရာတို့ကိုလည်း အင်းပတ်ပတ်လည်မှာ ကျောက်ဆောင်အဖြစ် လက်ရှိအချိန်အထိ ကျန်ရှိနေခဲ့တာပါ။
ဒါ့အပြင် ဒေါင်ဒင်အင်း အနီးတဝိုက်မှာ သစ်ပင် ချုံနွယ်တွေ ထူထပ်စွာပေါက်နေပေမဲ့ အင်းထဲကို သစ်ကိုင်းသစ်ခက်သစ်ရွက်တို့ ပြည့်လျှံမှုမရှိတာ၊ အင်းထဲကို တခြား မြစ်ချောင်းကရေတွေ ဘယ်လောက်စီးဆင်းနေပါစေ နုံးအနည်ထိုင်တာနဲ့ တိမ်ကောတာမျိုး မရှိတဲ့အပြင် ငါးဖမ်းပွဲတော်ကျင်းပဖို့ အစဉ်အလာအရ ပူဇော်ကန်တော့ပွဲ ကျင်းပပြီးနောက် တပတ်အတွင်း ငါးဖမ်းလို့ရတဲ့ အခြေအနေအထိ အင်းမှ သိသိသာသာ ရေလျော့ကျလာခြင်းတို့မှာ ဒေါင်ဒင်အင်းရဲ့ ထူးခြားချက်တွေဖြစ်ကြောင်း ဒေသခံတွေအကြား ပြောဆိုတာတွေလည်း ရှိပါတယ်။
ငါးဖမ်းပွဲတော် ကျင်းပနိုင်ဖို့အတွက် ရှေးဦးစွာ ရိုးရာဓလေ့အရ ဘုရင့်နန်းတော်တွေ၊ ဆင်ထိန်းနေရာတွေ၊ ဆင်ချည်တိုင်တွေကို ပြုလုပ်ပေးရပြီး ငါးဖမ်းပွဲတော် စတင်ကျင်းပချိန်ကနေ တန်ခူးလ အင်းရေခန်းတဲ့အထိ မည်သူမဆို လာရောက်ဖမ်းဆီးနိုင်တယ်လို့ သိရပါတယ်။