DVB Logo
Home
မြန်မာသတင်း
မြဝတီ ကျားဖြန့်နှင့် ဆက်နွှယ်သည့် တရုတ်နိုင်ငံသား ၂၀၀ ကို ပြန်ပို့
DVB
·
February 20, 2025
မြဝတီ ကျားဖြန့်နှင့် ဆက်နွှယ်သည့် တရုတ်နိုင်ငံသား ၂၀၀ ကို ပြန်ပို့
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ တရုတ်နိုင်ငံသား ၂၀၀ ကို ပထမဆုံးအသုတ်အနေနဲ့ ပြန်ပို့လိုက်ပြီလို့ နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့သူတွေကို နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆင်ရေးတရပ်အနေနဲ့ နေရာပေါင်းစုံကနေ လိုက်လံစစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီကနေ လူဦးရေ ၂,၀၀၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်စေလွှတ်နိုင်ဖို့ စစ်ဆေးတာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပထမအသုတ်အနေနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “တံတား ၂ မှာ ပို့နေပြီ။ ဒီနေ့ တနေ့တာဆိုရင် ၂၀၀ ရှိတာပေါ့။ ရှိဦးမယ်။ လောလောဆယ် ကိုယ်တို့လက်ထဲရောက်တာ စစ်ဆေးပြီးသားကို ၁,၃၀၀ ကျော်ရှိတယ်” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ် စီးပွားရေးဇုန်က ကျားဖြန့်ဂိုဏ်းနဲ့ ဆက်နွှယ်တဲ့  တရုတ်နိုင်ငံသားတွေကို လေယာဉ်နဲ့ ပြန်ခေါ်မယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီး မစ္စတာ လျှိုကျုံးရီ (Liu Zhongyi) ပြောထားခဲ့တဲ့အတိုင်း ဖေဖော်ဝါရီ ၂၀ ရက် မနက်မှာ စတင်ခေါ်ဆောင်နေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပြန်လည်စေလွှတ်မယ့် တရုတ်နိုင်ငံသား ၂၀၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ တရုတ်နိုင်ငံအစိုးရက တရုတ်နိုင်ငံကို တိုက်ရိုက်ခေါ်ဆောင်သွားပါတယ်။

လက်ရှိမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေပေမဲ့ အကိုင်းအခက်လောက်ပဲ ခုတ်ပြတာဖြစ်လို့ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့ခံတယောက်က “အမထင်တာတော့ အကိုင်းအခက်လောက်ပဲ ခုတ်ပြတယ်ထင်တယ်။ တိမ်ကောဖို့ ဆိုတာတော့ မလွယ်ဘူး။ ဒီလောက်အခြေအနေနဲ့ ကိုင်တွယ်ပုံမျိုးလောက်နဲ့ကတော့ မလွယ်နိုင်ဘူး။ မပျောက်ပျက်နိုင်သေးဘူး။ အကိုင်းအခက်လောက်ပဲ ခုတ်ပြတယ်လို့ပဲ အမမြင်တယ်။ နောက်ဆက်တွဲကျတော့ အဓိကကတော့ ကျားဖြန့်ကို နှိမ်နင်းတယ်။ ထိတာကတော့ ပြည်သူထိတာပဲ။ အမတို့လည်း ခံစားနေရတယ်။ ဘာတွေပဲ ပိတ်ဆို့ပိတ်ဆို့ အမတို့ ပြည်သူတွေက အရင်ထိတယ်။ သူတို့အတွက်ကတော့ အခုအချိန်မှာ သာသာယာယာပဲလို့ ထင်တယ်” လို့ ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) က သွားရောက်ကယ်တင်ပြီး မြဝတီမှာ လာထားတဲ့ တရုတ်နိုင်ငံသား ၆၂၈ ယောက်ထဲက အယောက် ၂၀၀ ကို ပထမဆုံးသုတ်အနေနဲ့ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်‌ရေးတံတားကနေတဆင့် ထိုင်းလဝကရုံးကို ဘတ်စ်ကားတွေနဲ့ လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်နီးချင်း နယ်စပ်ဒေသတလျှောက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို နှိမ်နင်းတဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်ကစ ထိုင်းကနေ သွယ်တန်းပေးနေတဲ့ အင်တာနက်လိုင်း၊ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီရှိ ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်၊ မလေးရှားနဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၂၀ ကျော်ကနေ လူကုန်ကူးခံရသူ ၇၀,၀၀၀ လောက် ရှိမယ်လို့ ထိုင်းသတင်းတွေမှာ ခန့်မှန်း ဖော်ပြပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013