DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲ၌ စစ်မှုထမ်းတပ်သားသစ် ၁၀၀ ခန့် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင် ပူးပေါင်း 
DVB
·
February 19, 2025
မိုးဗြဲတိုက်ပွဲ၌ စစ်မှုထမ်းတပ်သားသစ် ၁၀၀ ခန့် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင် ပူးပေါင်း 
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လက်ရှိအချိန် တလနီးပါးဖြစ်နေတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းတပ်သားသစ် ၁၀၀ နီးပါး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဖြစ်နေတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်မှုထမ်း တပ်သားအသစ်တွေကို ရှေ့တန်းတိုက်ပွဲမှာ အသုံးပြုနေတယ်လို့ KNDF ဘက်က ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေဖြစ်ကြပြီး အသက်မပြည့်သေးသူတွေလည်း ပါဝင်ကာ သူတို့ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “အထူးသဖြင့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့သူတွေကို စစ်တပ်က ရှေ့တန်းကို ပို့နေတယ်။ အဲဒီလူတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဖြစ်တဲ့နည်းနဲ့ ဒီရက်ပိုင်းတွေမှာ အများအပြား လာခိုလှုံကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သူတို့အတွက် လုံခြုံစိတ်ချရတဲ့နေရာ စားဝတ်နေရေး အတွက်လည်း လတ်တလော စီစဉ်ပေးထားပါတယ်” လို့ ပြောပါတယ်။

အခုလို အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားအသစ်တွေ ထွက်ပြေးတာတွေ ဘက်ပြောင်းခိုလှုံတာတွေ ရှိနေပေမဲ့ တချို့ကတော့ ပြန်ဖမ်းမိတာတွေလည်း ရှိနေပြီး အလွတ်ပြေးနိုင်တဲ့ တပ်သားကတော့ ရာခိုင်နှုန်းနည်းနေသေးတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

အခုလို စစ်တပ်ဘက်ကနေ ဘက်ပြောင်းခိုလှုံဖို့ ထွက်ပြေးတဲ့ ဖြစ်ရပ်တွေကြောင့်  စစ်ကောင်စီတပ်ဘက်က သွေးခွဲမှုတွေ လုပ်လာနိုင်ပြီး တင်းကျပ်မှုတွေ ပိုလာနိုင်တယ်လို့လည်း  CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“တပ်မတော်သား CDM လူသစ်တွေကို အချင်းချင်းသွေးခွဲပြီးတော့ အုပ်စုလိုက်မထားတော့ဘဲ သူတို့လူဟောင်းတွေနဲ့ ‌ရောပြီး ညှပ်ထားတယ်။  သေးပေါက် ချေးပါကအစ သတင်းပို့တဲ့ အနေအထားမျိုးတွေအထိ ကျပ်လာတာကို တွေ့ရတယ်။ အခုလူသစ်တွေနဲ့ ပတ်သက်ပြီး သူတို့မှာ အလုပ်ပိုလို ဖြစ်နေတယ်။ ပြေးမှာကြောက်လို့ ကင်းစောင့်ရတယ်၊ သူတို့ကိုစောင့်ကြည့်ရတယ်၊ ထွက်ပြေးလို့ လိုက်ရှာရတယ်၊ လိုက်ဖမ်းရတယ်၊ အဲ့လိုအလုပ်ပိုတွေပါ လုပ်လာရတယ်။ ပဒါန်းငဖဲဘက်မှာဆိုရင် လူသစ်တွေကို လုံးဝဖုန်းပေးမသုံးတော့ဘူး။ နောက်ပိုင်းဆိုရင် သံခြေချင်းခတ်ဆိုပြီး ဒီမှာ ကင်းစောင့်ဆိုပြီး လုပ်လာနိုင်တယ်။”

ကရင်နီပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ပြီး ၂၀၂၅ နှစ်စမှာ စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်ကလည်း အခုနှစ်မှာ ကရင်နီပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ကြိုးပမ်းမယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုချက်တွေ ပြောဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ခဲ့ပြီး အပတ်စဉ် ၉ အထိ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013