DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
February 19, 2025
ကန်ကျနပူရီတွင် တရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်က ညွှန်ကြားလိုက်ပြီးနောက် တရားမဝင်အလုပ်သမား ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် နယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်  မနက်ကနေ ဒီကနေ့ ၁၉ ရက် မနက်ထိ တရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း အယောက် ၂၁၀ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းနဲ့ ဂျိုးချို ထိုင်းသတင်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၂ နာရီ ၂၀ မိနစ်က ဆန်ခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ ဆောင်းကလဲရွာအနီး တောအုပ်ထဲ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို တာဝန်ရှိသူတွေက သတင်းအရ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေ့ မနက် ၈ နာရီကျော်မှာတော့ ဆန်ခလပူရီမြို့နယ်၊ ဘန်ဖလယ်အုပ်စု၊ လူမ့်ကျုံအို စစ်ဆေးရေးဂိတ်မှာ တောင်ယာထွက်သီးနှံတွေ တင်ဆောင်လာတဲ့ ဟိုင်းလပ်စ်ကားတစီးကို တာဝန်ရှိသူတွေ စစ်ဆေးခဲ့တယ်၊ ပလောပီနံဥတွေ ထည့်ထားတဲ့ အိတ်တွေရဲ့အောက်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ယောက် ပုန်းအောင်းလိုက်ပါလာတယ်၊ ယာဉ်မောင်းဖြစ်သူမှာ ၁၀ နှစ်ခံ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ အမျိုးသားတယောက်ဖြစ်ပြီး  လူတွေအဖမ်းခံရသလို ကားပါ အသိမ်းခံလိုက်ရပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာ ဆန်ခလပူရီမြို့နယ်၊ နောင်လူးအုပ်စု၊ ဝပ်စုမ်နမ့် ကျောင်းတိုက်နောက်က တောထဲမှာ လူတစု ပုန်းအောင်းနေကြောင်း ဒေသခံတွေ သတင်းပေးတာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

ကျား ၇၂ ယောက်၊ မ ၄၄ ယောက်၊ ကလေး ၂ ယောက်၊ စုစုပေါင်း ၁၁၈ ယောက်ရှိပြီး  သူတို့တွေဟာ ဘုရားသုံးဆူဘက်ကနေ ခြေလျင်လျှောက် ဝင်ရောက်လာတယ်။ ဝချီရလောင်ကွန်းဆည်ထဲကနေ လှေစီးပြီး အတွင်းပိုင်းထပ်ဝင်လာတယ်။ ပွဲစားက လာကြိုမယ့်ကားကို တောထဲကနေ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁ နာရီခွဲမှာတော့ ထောင်းဖာဖူးမြို့နယ်၊ ထာ့ခနွန်အုပ်စု၊ ဘန့်ခနွန်ခိရွာအနီး တောထဲမှာ တရားမဝင်မြန်မာ ၄၅ ယောက် ထပ်မံဖမ်းဆီးခံရပါတယ်။

သူတို့ဟာလည်း တောထဲကနေ လမ်းလျှောက်လာပြီး ရေလှောင်တမံထဲကနေ လှေ  ၄-၅ စီးနဲ့ လိုက်လာကြတယ်။ ကမ်းပေါ်တက်ပြီး ပွဲစားက ကားနဲ့လာအကြိုကို စောင့်ကြတယ်။ မီးခိုးရောင် တိုယိုတာကားတစီး ရောက်လာပြီး အချို့က ကားပေါ်တက်ဖို့ပြင်စဉ် တာဝန်ရှိသူတွေ လာစစ်တာတွေ့တော့ တောထဲကို ကစဉ့်ကလျား ပြန်ထွက်ပြေးသွားကြတယ်။ မပြေးနိုင်သူတချို့နဲ့ တောထဲ လိုက်ဖမ်းပြီး ပြန်မိလာသူ စုစုပေါင်း ၄၅ ယောက်ရှိတယ်။ ကားသမားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဒီအုပ်စုကတော့ မလေးရှားနိုင်ငံဘက် ဆက်သွားဖို့ဖြစ်ပြီး ပွဲစားကို တယောက် ဘတ် ၁၃,၀၀၀ မှ ၁၅,၀၀၀ ပေးရတယ်၊ ဘတ် ၇၀,၀၀၀ ထိ ပေးရသူလည်း ရှိပါတယ်။ 

ဒီမတိုင်ခင် ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းကလည်း ဆန်ခလပူရီမြို့နယ်၊ ဘန်ဖလယ် ကျေးရွာထဲမှာ တရားမဝင် မြန်မာ ၂၃ ယောက် အဖမ်းခံခဲ့ရသေးတယ်။

တရက်အတွင်း ဖမ်းဆီးခံရသူ အယောက် ၂၁၀ ရှိပြီး အများစုက အသက် ၁၈ မှ ၃၅ နှစ်ကြား အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေဖြစ်တယ်၊ မြန်မာနိုင်ငံမှာ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာကြတာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - ဂျိုးချို / ကန်ကျနပူရီ ဒေသတွင်းသတင်း / Royal Thai Army 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013