
ပိုလန် နယ်ခြားစောင့်တပ်တွေဟာ အရေးကြီးတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေချိန်မှာပဲ ဘောလ်တစ် ပင်လယ်အောက်ခြေမှာ ကိုကင်း ၁၀၀ ကီလိုဂရမ်ကျော်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ နယ်ခြားစောင့်တပ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေကို ပိုလန်နိုင်ငံမြောက်ပိုင်း ဂုဒန့်စ်ခ် ပင်လယ်ကွေ့ရှိ ပင်လယ်ကြမ်းပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီပစ္စည်းတွေရဲ့ မှောင်ခိုဈေးကွက်တန်ဖိုးဟာ zlotys သန်း ၆၀ (ဒေါ်လာ ၁၅ သန်း) အထိ ရှိနိုင်ကြောင်း နယ်ခြားစောင့်တပ်က ပြောကြားပါတယ်။
နောက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူတွေရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီးတော့ နောက်ထပ် သိသာများပြားတဲ့ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားကိုလည်း ထပ်မံရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်နေတဲ့ အမှုမှာ လူ ၇ ယောက်ကို ဖမ်းဆီးထားကြောင်း နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဖမ်းဆီးခံထားရသူတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဘောလ်တစ်ပင်လယ်ရှိ နိုင်ငံတွေဟာ ပင်လယ်ရေအောက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပါဝင်ပတ်သက်နေတဲ့ ဘယ်လိုဖြစ်ရပ်တွေအတွက်မဆို သတိရှိမှု မြင့်မားနေကြပါတယ်။
ဒီလို အခြေခံအဆောက်အအုံတွေ သံသယဖြစ်စရာ ပျက်စီးမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်များစွာ ဖြစ်အပြီးမှာ NATO အဖွဲ့ဟာ အဲဒီဒေသမှာ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Source : Reuters










