DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ပဲစင်းငုံပင်
DVB
·
February 19, 2025
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ပဲစင်းငုံပင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ပဲစင်းငုံပင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ပဲစင်းငုံပင်ကို သိပ္ပံလို  Cajanus cajan လို့ခေါ်ပြီး အင်္ဂလိပ်လို Pigeon Peas  လို့ ခေါ်ပါတယ်။

ပဲစင်းငုံ၏ အာဟာရတန်ဖိုးများမှာ ပဲစင်းငုံမှာ ကာဗိုဟိုက်ဒရိတ်၊ သကြား၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်း,ဗီတာမင်-Thiamine (B1)၊ Riboflavin (B2)၊ Niacin (B3)၊ Pantothenic acid (B5)၊ ဗီတာမင် B6၊ Folate (B9)၊ Choline၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K နဲ့ Calcium သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်စ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ သံ၊ ကြေးနီ အာဟာရသတ္တုဓာတ်များနဲ့ Phenolic compounds, flavonoids, tannins, tocopherols, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး သွေးဖိအားကို ထိန်းပေးခြင်း သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း ကြီးထွားမှုကို အထောက်အကူပြုခြင်း ကိုယ်အလေးချိန်ကျဖို့ ကူညီပေးခြင်း စွမ်းအင်ကို မြှင့်တင်ပေးခြင်း ကိုယ်ခံစွမ်းအားကို အထောက်အကူပြုခြင်း နှလုံးကျန်းမာရေးအတွက်  အထောက်အကူပြု အစာခြေကျန်းမာရေးအတွက် ပိုကောင်းခြင်း စတဲ့ အာနိသင်များ ပါဝင်ပါတယ်။

ပဲစင်းငုံမှာ ပိုတက်စီယမ် အဓိကပါဝင်ပြီး သွေးကြောများ ကျဉ်းနေခြင်းကို လျှော့ပါးစေပြီး သွေးဖိအားကို လျှော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါ ဝေဒနာရှင်များ ပဲစင်းငုံ အသင့်အတင့်ကို နေ့စဉ် စားသောက်ခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

ပဲစင်းငုံမှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ဆဲလ်များနဲ့ တစ်ရှူးများမှ ကြွက်သားများနဲ့ အရိုးများတည်ဆောက်မှု၊ ပုံမှန်ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးပြီး ပုံမှန်အနာကျက်စေခြင်းနဲ့ ဆဲလ်များ ပြန်လည်ရှင်သန်ရန်အတွက်လည်း  လုပ်ဆောင်ပေးပါတယ်။

ပဲစင်းငုံမှာပါတဲ့ ဖောလိတ်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ပဲစင်းငုံ အသင့်အတင့် စားသောက်ခြင်းက မွေးကင်းစကလေးငယ်များမှာ သွေးအားနည်းရောဂါနဲ့ အချို့သော အာရုံကြောပြွန် ချို့ယွင်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ပဲစဉ်းငုံအပင်ရဲ့ အရွက်များနဲ့ ပဲစေ့များ မှာပါဝင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများက ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းခြင်းကို လျင်မြန်စွာ လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

ပဲစင်းငုံစားသောက်ခြင်းက လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။

ပဲစင်းငုံဟာ အာဟာရဓာတ် ကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု အလယ်အလတ်ရှိပြီး အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေက တာရှည်ဗိုက်ပြည့်နေစေပြီး ဇီဝဖြစ်ပျက်မှုနှုန်းကို တိုးစေကာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

ပဲစင်းငုံမှာ ဗီတာမင်ဘီ ပါဝင်ခြင်းကြောင့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးပြီး Niacin နဲ့ riboflavin မှ ကာဗိုဟိုက်ဒရိတ် ဇီဝဖြစ်ပျက်မှုကို တက်ကြွစွာ မြှင့်တင်ပေးပြီး အဆီသိုလှောင်မှုကို ဟန့်တားနိုင်ကာ ကိုယ်ခန္ဓာရဲ့ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးပါတယ်။

ပဲစင်းငုံမှာ ဗီတာမင် C ပါဝင်ပြီး မကျက်တကျက် စားသောက်ခြင်းက သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်နိုင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပါတယ်။

ပဲစင်းငုံမှာ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် ပါဝင်ပြီး  ပိုတက်စီယမ်က သွေးပေါင်ချိန်ကို လျှော့ချပေးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းကို လျှော့ချပေးကာ အမျှင်ဓာတ်က ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပြီး သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးတဲ့အပြင် ပဲစင်းငုံမှာပါဝင်တဲ့ အာဟာရဓာတ်များက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ပဲစင်းငုံမှာ ပါဝင်တဲ့ အမျှင်ဓာတ်က မစင်များကို စုစည်းစေပြီး အူလမ်းကြောင်းကို ပုံမှန်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်တာကြောင့် ညောင်းညာခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို လျော့ကျစေပြီး ဝမ်းချုပ်ခြင်း၊ ဖောရောင်ခြင်း၊ ကြွက်တက်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို လျော့နည်းစေပါတယ်။

ပဲစင်းငုံကို အသင့်အတင့်စားသောက်တာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံစားသောက်တာက ပဲစင်းငုံမှာ အစာကြေရန် ခက်ခဲတဲ့ lectin နဲ့ oligosaccharide ဓာတ်ပေါင်းများ ပါဝင်တာကြောင့် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းပျက်ခြင်း စတဲ့အစာခြေစနစ်ဆိုင်ရာ ပြဿနာများ ဖြစ်တတ်ပါတယ်။ ပဲစင်းငုံနဲ့ ဓာတ်မတည့်သူများ ပဲစင်းငုံပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ပဲစင်းငုံပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013