DVB Logo
Home
မြန်မာသတင်း
အာဂျင်တီးနားတရားရုံး၏ဝရမ်းကို ကြိုဆိုသော်လည်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပေးရန် NUG တောင်းဆို
DVB
·
February 18, 2025
အာဂျင်တီးနားတရားရုံး၏ဝရမ်းကို ကြိုဆိုသော်လည်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပေးရန် NUG တောင်းဆို
1 / 2
Donate to DVB

အာဂျင်တီးနားတရားရုံးမှာ တရားစွဲတာနဲ့ ဝရမ်းထုတ်တာကိုကြိုဆိုပေမဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ ဖယ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက်သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေပဲဖြစ်ပြီး ပြစ်မှုတွေနဲ့လျော်ညီတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေးကြိုးပမ်းမှုမှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ သဘောထားထုတ်ပြန်လိုက်တာပါ။

၂၀၁၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်ခဲ့သူတွေဟာ အဲဒီတုန်းက တရားဝင်ကျင့်သုံးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ပဲဖြစ်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု၊ ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမဲ့သူတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေပဲ ဖြစ်တာကြောင့် သူတို့ကို UK အခြေစိုက် Burmese Rohingya Organisation UK (BROUK) က အာဂျင်တီးနားတရားရုံးကတဆင့် တရားစွဲဆိုတာနဲ့ ဖမ်းဝရမ်းထုတ်တာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု အမှန်တကယ်ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေနည်းတူ တရားခံစာရင်းမှာထည့်ပြီး ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းနေတာကို မှားယွင်း တဲ့စွပ်စွဲဆောင်ရွက်ချက်အဖြစ် အခိုင်အမာမှတ်ယူတာကြောင့် တရားစွဲဆိုတာကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မဲ့ အဖြေရစေဖို့ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းတာအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသလို  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ရိုဟင်ဂျာမူဝါဒတရပ် ပြဋ္ဌာန်းပြီး ရိုဟင်ဂျာပြည်သူတွေ တရားမျှတမှုရရှိရေးနဲ့ပတ်သက်လို့ တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလိုအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးမှာ မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုတာဟာ ရိုဟင်ဂျာပြည်သူလူထုနဲ့ တခြားပြည်သူလူထုအကြား နားလည်မှုလွဲမှားတာတွေဖြစ်လာနိုင်ပြီး ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို အများကြီး အနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ထည့်သွင်း တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမှာသာမက အကြမ်းဖက်စစ်အာဏာရှင်တွေကိုပဲ အကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မယ်လို့လည်း သဘောထား ထုတ်ပြန်ပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကိုယ်စားမှုပြုနဲ့ BROUK အဖွဲ့က ဖွင့်ခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ အပါအဝင် တခြားစစ်တပ်အရာရှိ ၂၂ ဦးကို အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013