DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်ကို အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်
DVB
·
February 14, 2025
မြန်မာစစ်ခေါင်းဆောင်ကို အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်
Donate to DVB

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ယူကေနိုင်ငံ အခြေ စိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ထုတ်ပြန်ပါတယ်။

အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်မြို့ တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်း အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာစစ်တပ် အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက် တရားမျှတမှုရရှိဖို့ သမိုင်းဝင် ခြေလှမ်းတခုဖြစ်တယ်လို့ BROUK အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“ဒါက ဆယ်စုနှစ်များစွာ လူမျိုးတုံးသတ်ဖြတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေ အတွက် သူတို့ရဲ့ မိသားစုနဲ့ ယဉ်ကျေးမှုတွေကို ပြစ်ဒဏ်ကင်းမဲ့စွာ ဖျက်ဆီးပစ်တာကို စောင့်ကြည့်နေတဲ့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ဆောင်ကျဉ်းပေးတာပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေ ကြီးထွားလာချိန်မှာ နိုင်ငံတကာ တရားမျှတမှုအတွက် အောင်ပွဲတခုလည်း ဖြစ်ပါတယ်။ အာဂျင်တီးနား တရားရေးမဏ္ဍိုင်ရဲ့ သတ္တိရှိရှိ ဆုံးဖြတ်ချက်က မင်းအောင်လှိုင်နဲ့ တခြားအရာရှိတွေ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ ပြတ်ပြတ်သားသား အချက်ပြတယ်။ ရိုဟင်ဂျာ မျိုးဆက်တွေတင်မကဘဲ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအောက် သားကောင်အတွေအဖြစ် ခံစားရသူတွေ အားလုံးအတွက် နောက်ဆုံးမှာ သူတို့ဟာ သူတို့ လုပ်ဆောင်ခဲ့တဲ့ ပြောမပြနိုင်တဲ့ လုပ်ဆောင်မှုတွေအတွက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်”

ဒီအမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကိုယ်စားမှုပြုနဲ့ BROUK အဖွဲ့က ဖွင့်ခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ အပါအဝင် တခြားစစ်တပ်အရာရှိ ၂၃ ဦးကို အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်းပါဝင်ပြီး ဖမ်းဝရမ်းထုတ် ခံထားရသူ စုစုပေါင်း ၂၅ ယောက်ရှိတယ်လို့ သိရပါတယ်။

BROUK အဖွဲ့အနေနဲ့ စစ်တပ်တာဝန်ရှိသူတွေကိုသာ ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို တရားရုံးတော်သို့ တင်သွင်းခဲ့တာမရှိကြောင်းနဲ့ အာဂျင်တီးနားတရားစွဲသူတွေက လွတ်လပ်စွာ ဆုံးဖြတ်ပြီး  သူတို့ ၂ ယောက်ကိုလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တုန်းက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကာရင်မ်ခမ်းက ဖမ်းဝရမ်းထုတ်ဖို့ အမှုဖွင့်တိုင် ကြားထားတာရှိသလို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက တိုင်ကြားထားတာလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013