
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ ဆင်ခြေဖုံးမြို့ ဂါးဒန်းဂရို့ဗ်မှာ ဓာတုပစ္စည်းသိုလှောင်ကန်တခု ချို့ယွင်းပျက်စီးပြီး ယိုစိမ့်ပေါက်ကွဲနိုင်သလို လေထုထဲကို အဆိပ်ငွေ့တွေ ပျံ့နှံ့သွားနိုင်ခြေလည်း ရှိနေတာကြောင့် အာဏာပိုင်တွေက မေ ၂၂ ရက်က လူပေါင်းသောင်းနဲ့ချီကို နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။
မီးသတ်သမားတွေဟာ လူတွေ အန္တရာယ်ကင်းတဲ့ အကွာအဝေးမှာ ရှိနေစေဖို့ စက်ပစ္စည်းတွေကို သုံးပြီး အဝေးထိန်းစနစ်နဲ့ အဲဒီဓာတုဗေဒကန်တွေကို ရေဖြန်းပြီး အချိန်ဆွဲနိုင်ခဲ့တယ်လို့ အောရိန့်ချ် ကောင်တီ မီးသတ်အာဏာပိုင်အဖွဲ့ရဲ့ ခရိုင်အကြီးအကဲ ခရေ့ဂ်ကိုဗေးက ပြောပါတယ်။
သိုလှောင်ကန်ထဲမှာ မီးလောင်လွယ်ပြီး အငွေ့ပျံလွယ်တဲ့ 'မီသိုင်းမက်သာခရီလိတ်' ဓာတု ပစ္စည်းတွေ ဂါလန် ၇,၀၀၀ လောက် ရှိနေပြီး အဲဒီဓာတုဆေးရည်တွေကို ပလတ်စတစ်လုပ်ငန်းနဲ့ လေကြောင်းအာကာသ စက်ရုံတွေမှာ သုံးတာ ဖြစ်ပါတယ်။
ဒီအခြေအနေက လော့စ်အိန်ဂျလိစ်မြို့ရဲ့ တောင်ဘက် မိုင် ၃၀ အကွာရှိ လူဦးရေ ၁၇၂,၀၀၀ နေထိုင်တဲ့ ဂါးဒန်းဂရို့ဗ်မြို့မှာ မေ ၂၁ ရက်ကတည်းက စတင် ဖြစ်ပွားခဲ့တာပါ။
တာဝန်ရှိသူတွေဟာ ထုတ်လုပ်ရေးကုမ္ပဏီ ဆီကနေ နောက်ဆုံးအခြေအနေ အချက်အလက်တွေကို ရရှိခဲ့ပြီးနောက်မှာ သိုလှောင်ကန် ပေါက်ကွဲနိုင်ခြေ ပိုများလာတာကို သောကြာနေ့မှာ သတိပြုမိခဲ့တာလို့ အောရိန့်ချ် ကောင်တီ မီးသတ်အာဏာပိုင်အဖွဲ့ရဲ့ ယာယီ မီးသတ်မင်းကြီး တီဂျေ မက်ဂါးဗန်းက ပြောပါတယ်။
တာဝန်ရှိသူတွေဟာ စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၃ ခုကို ဂါးဒန်းဂရို့ဗ်မြို့မှာ တခု၊ ဘေးပတ်ဝန်းကျင်မြို့တွေ ဖြစ်တဲ့ အာ့နာဟိုင်မ်နဲ့ ဆိုက်ပရပ်စ် မြို့တွေမှာ တခုစီနဲ့ ဖွင့်လှစ်ပေးထားပါတယ်။
ဘေးလွတ်ရာ ရွှေ့ပြောင်းရမဲ့ဧရိယာထဲမှာ လူဦးရေ ၄၀,၀၀၀ လောက် နေထိုင်တာဖြစ်ပြီး အဲဒီထဲက ၁၅ ရာခိုင်နှုန်းလောက်က နေအိမ်ကနေ မထွက်ခွာချင်ဘဲ ငြင်းဆန်နေကြတယ်လို့ ဂါးဒန်းဂရို့ဗ် ရဲမှူးကြီး အာမီယာ အလ်ဖာရာက ပြောပါတယ်။
ကျန်းမာရေးတာဝန်ရှိသူတွေကတော့ အဆိပ်ငွေ့တွေ ထွက်လာပြီး အချိန်အကြာကြီး ရှူမိရင် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိတော့ လေထုအရည်အသွေး တိုင်းတာစက်တွေမှာ ဘာအဆိပ်ငွေ့မှ ရှာမတွေ့သေးဘူးလို့ အောရိန့်ချ်ကောင်တီ ကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီက ဒေါက်တာ ရယ်ဂျီနာ ချင်စီယိုကွမ်က ပြောပါတယ်။










