
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ ဒုတိယရဲမှူးကြီး တယောက်အပါဝင် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ယောက်ကို အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်စစ်ပွဲအတွင်းမှာ ဖမ်းဆီးရမိပြီး စစ်ကောင်စီထိန်းချုပ်မှုမရှိတော့တဲ့ လွှတ်မြောက်နယ်မြေက စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို အာရက္ခတပ်တော်က အခမ်းအနားပြုလုပ်ပြီး မိသားစုဝင်တွေလက်ထဲကို အခုရက်ပိုင်းမှာ ဒုတိယအကြိမ် လွှတ်ပေးလိုက်တယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီကထိန်းချုပ်ထားမှု မရှိတော့ဘဲ လွတ်မြောက်နယ်ဖြစ်သွားတဲ့ မြို့နယ်တွေက စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဆိုရင် AA က သူတို့မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီး ပြန်လွှတ်ပေးနေတာရှိတယ်။ အဓိက သူတို့ရဲ့ လုံခြုံမှုကို ဦးစားပေးစဉ်းစားပြီးမှ လွှတ်ပေးတာ။ ဒီအကြိမ်ကတော့ ဒုတိယကြိမ်မြောက်ပြန်လွှတ်ပေးတာ။ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ပထမအကြိမ်အဖြစ် စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၁၄၂ ဦးကို လွှတ်ပေးထားပြီ။ အခု ၁၉၈ ဦးကို ထပ်လွှတ်ပေးတာ။”
အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုတွေအထဲမှာ ကလေးငယ်တွေအပါအဝင် အမျိုးသား ၅၁ ယောက်နဲ့ အမျိုးသမီး ၁၄၇ ယောက် ပါဝင်ပြီး သူတို့အားလုံးဟာ လွတ်မြောက်နယ်မြေက သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း အာရက္ခတပ်တော်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစု ၁၁၆ ယောက်နဲ့ အရပ်သားအကျဉ်းသား ၂၆ ယောက်တို့ကို လွှတ်ပေးခဲ့ပါတယ်။
အာရက္ခတပ်တော်က စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လွှတ်ပေးတာဟာ လူသားဆန်မှုကို ပြသတာဖြစ်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်စောင့်ကြည့်နေသူတယောက်က ပြောပါတယ်။
“AA က တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လွှတ်ပေးလာတာ ဒီလထဲမှာ နှစ်ကြိမ်အထိရှိလာပြီ။ လွှတ်ပေးတဲ့ အခါမှာလည်း ဖြစ်စလို လွှတ်ပေးတာ မဟုတ်ဘဲ သူတို့ရဲ့ လုံခြုံမှုကို စိစစ်ပေးပြီးတော့ စစ်ကောင်စီအန္တရာယ်က ကင်းလွတ်နိုင်တဲ့ လွတ်မြောက်နယ်မြေက သူတွေကိုပဲ လွှတ်ပေးတာဆိုပြီး သိရတယ်။ အဓိကတော့ AA က စစ်သုံ့ပန်း မိသားစုဝင်တွေကို ကောင်းမွန်စွာ စောင့်ရှောက်ပြီးတော့ လွှတ်ချိန်တန်တဲ့အချိန် ပြန်လွှတ်ပေးတာက လူသားဆန်မှုကို ပြသတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲရတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားတဲ့ နေရာတွေကို ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိ ရှိခဲ့ကြပါတယ်။
ရခိုင်တိုက်ပွဲမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် အဆင့်အပါဝင် စစ်သုံ့ပန်း ထောင်နဲ့ချီကို ဖမ်းဆီးရရှိထားတယ်လို့ သိရပါတယ်။










