DVB Logo
Home
မြန်မာသတင်း
ခရန်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု မှန်ကန်သည့်စီရင်ချက်ရရန် ဒေသခံများ မျှော်လင့်
DVB
·
February 17, 2025
ခရန်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု မှန်ကန်သည့်စီရင်ချက်ရရန် ဒေသခံများ မျှော်လင့်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်မှာ အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအမှုမှာ ဖမ်းဆီးထားသူ ၁၀ ယောက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက တိုင်းအဆင့်အထိ လွှဲပြောင်းပြီး တရားစီရင်သွားဖို့ ရှိနေပါတယ်။

သက်တော် ၄၄ နှစ်၊ ဝါတော် ၇ ဝါရှိပြီဖြစ်တဲ့ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ ဒေါ်နယ်မာတင်ကို သူ တာဝန်ကျရာ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဝင်းထဲမှာ လူ ၁၀ ယောက်ပါဝင်တဲ့ လက်နက်ကိုင်လူတစုက ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီကျော်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တာပါ။

ဒေသခံတယောက်က “၁၄ ရက်နေ့ ညနေခင်း အသတ်ခံရတာပေါ့။ ဇက်တောင် ပြတ်ခါနီးနေပြီ ရုပ်အလောင်းကလေ၊ လက်တဖက်ကလည်း အဖြတ်ခံထားရတယ်။ ခြေထောက်တွေလည်း မွှန်းထားတာ၊ ရင်ဘတ်တွေလည်း ဓားထိုးခံထားရတာတွေ ရှိတယ်။ စကားပြောရင် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သူက ပြောတတ်တဲ့အကျင့်ရှိတယ်။ သို့သော်လည်းပဲ စကားအပြောမတတ်တာလည်း ပါကောင်းပါမယ်။ အဲဒီဘက်က နယ်မြေခံက တပ်ရင်း ၅ ကိုင်တာပေါ့နော်၊ တရားခံက PDF လား Local လား ဘာလားဆိုတာ သဲသဲကွဲကွဲ ကျနော့်ကိုတော့ ပြန်မပြောဘူး။ ဂိုဏ်းချုပ်ဆရာတော်က မုံရွာဇာတိ၊ အခုတာဝန်ကျတဲ့ ကိုယ်တော်ကကျတော့ ပြင်ဦးလွင်နယ်သား” လို့ ပြောပါတယ်။

ဘုန်းတော်ကြီးကို သတ်သွားတဲ့အဖွဲ့ ခေါင်းဆောင် အပါအဝင် ပါဝင်ကျူးလွန်သူ ၁၀ ယောက်ကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီးထားတယ်လို့ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် People's Defense Comrade သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဘုန်းတော်ကြီး ဖာသာ ဒေါ်နယ်မာတင်ရဲ့ စရိုက်လက္ခဏာတွေကို ပြန်လေ့လာကြည့်ရာမှာ နိုင်ငံရေးအရှုပ်အရှင်း ကင်းသူဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို ရထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေဦး People's Defense Comrade ပြန်ကြားရေး တာဝန်ရှိသူ ထူးခန့်ဇော်(အမေ့သား)က “ရွှေဘိုခရိုင် တပ်ရင်း ၅ ကနေပြီးတော့ တရားခံ ၁၀ ဦးကို အခင်းဖြစ်ပွားတဲ့ ၁၄ ရက်နေ့ ညပိုင်းလောက်က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ အဲဒီ ၁၀ ယောက်ကို လက်ရှိမှာတော့ ဘာကြောင့်သတ်တယ်ဆိုတာ တပ်ရင်း ၅ ကနေမှတဆင့် မြို့နယ်ပလဖအဖွဲ့ထံကို လွှဲပြောင်းပေးမယ်လို့ ကြားသိရတယ်ဗျ။ စစ်ချက်ယူပြီးတော့ တရားစီရင်ရေးပိုင်းတွေ ဆက်လက်ဆောင်ရွက်မယ်လို့ သိရတယ်။ သူ့ရဲ့ကျောင်းဝင်းထဲကိုလည်း လာတယ်၊ ပြီးတော့ ဘုန်းကြီးကို ဒူးထောက်ခိုင်းရမလား ဆိုပြီးတော့ သူ ဒူးမထောက်နိုင်ဘူးလို့ ပြောတဲ့အချိန်မှာ ပါလာတဲ့ ဓားရှည်နဲ့ ထိုးသတ်တယ်။ အဲဒီကနေစပြီးတော့ ဖြစ်တယ်လို့ ရွာခံတွေကနေတဆင့် စုံစမ်းသိရှိရတယ်ဗျ။ ကျည်တတောင့်မှ သုံးမသွားဘဲနဲ့ ပါလာတဲ့ဓားရှည်နဲ့ပဲ မသေမချင်း လည်မျိုလည်းထိုးတယ်၊ ခုတ်ချက်လည်း များတယ်လို့ ကျနော်တို့ ကြားသိရတယ်ဗျ။ တော်လှန်ရေးပုံရိပ် ကျဆင်းအောင် လုပ်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်သူပုန်လို့တော့ လက်ရှိတော့ ပြည်သူလူထုကတော့ သတ်မှတ်ထားကြတယ် သူတို့ကို။ မြို့နယ်အဆင့်ကနေ ခရိုင်ပေါ့နော်၊ ခရိုင်ကနေမှ တိုင်းအဆင့်အထိကို လွှဲပြောင်းပြီးတော့မှ ဒီတရားခံတွေကို စီရင်ချက်ချသွားမယ်လို့ ကျနော်တို့ ကြားသိရတယ်ဗျ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဖာသာ ဒေါ်နယ်မာတင် သတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို အရေးယူကာ တရားမျှတမှုအတွက် လုပ်ဆောင်ပေးဖို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးဖို့ ဒေသခံပြည်သူတွေက မျှော်လင့်နေကြပါတယ်။

အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ ဈာပနကို ဖေဖော်ဝါရီ ၁၆ ရက်က သူ့ရဲ့ဇာတိ ပြင်ဦးလွင်မြို့ ၇ မိုင်သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013