DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-မောတောင်လမ်း တိုက်ပွဲတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ နေအိမ်အချို့ မီးရှို့
DVB
·
February 17, 2025
တနင်္သာရီ-မောတောင်လမ်း တိုက်ပွဲတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ နေအိမ်အချို့ မီးရှို့
Donate to DVB

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာနယ်စပ် မောတောင် ကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းက ပြန်ဆုတ်ခွာချိန်မှာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီ-မောတောင် ကားလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက သိန်ခွန်း‌‌ကျေးရွာ ဘုန်းကြီးကျောင်းလမ်းပိုင်းမှာ စုဝေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားညှပ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာခဲ့ပြီးနောက် လေကြောင်းပစ်ကူနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

လေကြောင်းပစ်ကူတိုက်ခိုက်ချိန် စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ စာသင်ကျောင်းအနီးက နေအိမ် ၅ ဆောင်ကို မီးရှို့ဖျက်ဆီးသွားပြီးနောက် ဘုန်းကြီး‌ကျောင်းဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ KTLA-tcjf-Tanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။

“လေကြောင်းပစ်ကူ တောင်းတာပေါ့၊ မနေ့က ရဟတ်ယာဉ်နဲ့ တခါ၊ လေယာဉ်နဲ့ဆို ၃ ခါ ဗုံးလာကြဲတယ်။ အားလုံး ၄ ကြိမ်ပေါ့။ အဲဒီအချိန် စာသင်ကျောင်းနားမှာရှိတဲ့ ထိတွေ့မှုဖြစ်ထားတဲ့ နေအိမ်တွေကို သူတို့က တပြိုင်တည်း မီးလာရှို့တာပေါ့၊ မီးရှို့ပြီးတော့ ဘုန်းကြီးကျောင်းဘက်ကို ပြန်ဆုတ်သွားတယ်။”

စာသင်ကျောင်းအနီးရှိ မီးရှို့ခံရတဲ့ နေအိမ်တွေထဲမှာ သိန်ခွန်း‌ရွာ ကျောင်းဆရာနေအိမ်တလုံးနဲ့ ကျန်းမာရေးမှူးနေအိမ်တလုံးတို့လည်း ပါသွားခဲ့ပြီး အနီးကပ်စုံစမ်းလို့ မရတဲ့အတွက် နေအိမ် ၅ လုံး မီးလောင်သွားတာလောက်ပဲ အတည်ပြုလို့ ရပါတယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ဆက်ပြောပါတယ်။

“အိမ်က ဒရုန်းမှတ်တမ်းအရဆို အိမ် ၅ လုံးလောက် ပါသွားတယ်။ ရွာသားတွေကလည်း အကုန်မရှိကြတော့ဘူးဆိုတော့ အချက်အလက်တွေကို အနီးကပ်မရနိုင်ဘူး။”

ထိတွေ့တိုက်ပွဲစဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်ကလည်း သိန်ခွန်းကျေးရွာ အပါအဝင် ထုံခါး‌ကျေးရွာက ကျောက်မိုင်းနဲ့ ချောင်းနှစ်ပေါက်‌ကျေးရွာတို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။

စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် မပြုကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013