DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်နှိမ်နင်းရေးစတင်နေ၊  နိုင်ငံခြားသား ၁၀,၀၀၀ ခန့် ပြန်ပို့မည်ဟု  BGF ပြော
DVB
·
February 14, 2025
ကျားဖြန့်နှိမ်နင်းရေးစတင်နေ၊  နိုင်ငံခြားသား ၁၀,၀၀၀ ခန့် ပြန်ပို့မည်ဟု  BGF ပြော
Donate to DVB

ထိုင်း - မြန်မာနယ်စပ်၊ မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ဝင်ရောက် စစ်ဆေးတာတွေ လုပ်နေပြီး ရက်ပိုင်းအတွင်း နိုင်ငံခြားသား ၁၀,၀၀၀ ဝန်းကျင်အထိ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ BGF ပြောခွင့်ရသူက  DVB ကို ပြောပါတယ်။

BGF အနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ ၄ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဖမ်းဆီးနှိမ်နင်းတဲ့ အသေးစိတ်ကိုတော့ မကြာခင် ထုတ်ပြန်သွားမယ်လို့ BGF ပြောခွင့်ရ ပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး နိုင်မောင်ဇော်က  DVB ကို ပြောပါတယ်။

“ရှိသလောက် ပြန်အပ်မယ်ဆိုရင် ၈,၀၀၀ နဲ့ ၁၀,၀၀၀ ပတ်ဝန်းကျင်မှာ ရှိမယ်လေ။ အကုန်လုံး အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ ပြည်သူတွေကို ပေးထားတဲ့ ကတိအတိုင်းကျနော်တို့ အလုပ်လုပ်ပြမယ်။ ကျနော်တို့ ဒေသနဲ့ မလဲနိုင်ဘူးဆိုတာ သက်သေပြမယ်။”

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ကရင်ပြည်နယ်၊ ကျောက်ခက်မှာ ရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၂၆၁ ယောက်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်၊ ကင်ညာ၊ တရုတ်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ နီပေါ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံပေါင်း ၂ဝ က နိုင်ငံခြားသားတွေကို ပြန်ပို့ပေးခဲ့တာပါ။

ကျားဖြန့် လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေက သောင်းနဲ့ချီ ရှိပြီး ပြန်လွတ်မလာသေးသူတွေ အများကြီး ကျန်နေသေးတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ဖူးသူ ပြောပါတယ်။

ကျားဖြန့်မှ လွတ်မြောက်လာသူတယောက်က “အမှန်တကယ် ကျားဖြန့် လုပ်ကိုင်နေတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အစောကတည်းက သိကြတယ်။ သူတို့ကိုယ်တိုင် ကာကွယ်ပေးထားကြတာ။ တရုတ်သူဌေးတွေကိုလည်း ဘော်ဒီဂတ်တွေ ထားပေးကြတာ။ တရုတ်သူဌေးတွေ အပြင်သွားပြီဆိုရင် ဘော်ဒီဂတ် ၄၊ ၅၊ ၆ ယောက် ၇ ယောက် အနည်းဆုံးပါတယ်။ လွှတ်ပေးလိုက်တဲ့ ၂၀၀ ကျော်က ရာခိုင်နှုန်းနဲ့တွက်ရင် ၀ ရာခိုင်နှုန်းတောင် မရှိဘူး။ တကယ်လွှတ်ပေးလိုက်တဲ့ထဲမှာလည်း တကယ်ရောင်းစားခံရတဲ့ အထိနာနေတဲ့သူတွေ မပါဘူးဗျ။ DKBA ထိန်းချုပ်တဲ့ဘက်မှာဆိုရင် ကျောက်ခတ်၊ ဝေါလေတို့ ဆိုက်တွေမှာဆိုရင် တရုတ် နိုင်ငံသား သောင်းနဲ့ချီ ရှိမယ်”လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ကူညီပေးတဲ့ အဖွဲ့တွေလည်း BGF ၊ DKBA တို့ရဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ ပါဝင်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေပြီး၊ ကျန်ရှိနေသေးတဲ့ အကြီးပိုင်းအရာရှိတွေကို အရေးယူတာ ရှိ၊ မရှိ ဆက်လက် စုံစမ်းသွားမယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးသူတယောက်က “BGF တွေက တကယ့် တရုတ်အရာရှိတွေ၊ အကြီးပိုင်းတွေကို အပြည့်အဝ ကာကွယ်ပြီးတော့ သွားလာနေရာမှာ လုံခြုံရေးပေးပြီး သွားလာနေတာကို တွေ့ရှိနေရတယ်။ ဒီအကြီးပိုင်းတွေကို မလွတ်ပါဘူး။ အခု လွှတ်ပေးတယ်ဆိုတာ ကလေးတွေ၊ ချာတိတ်တွေ ဘာမှ နားမလည်တဲ့ လူတွေလောက်ကိုပဲ လွှတ်ပေးတာ ရှိတယ်။ တကယ်တမ်းက အတွင်းထဲမှာ အကောင်ကြီးကြီးတွေ၊ Supervisor တွေ၊ တကယ့်ကို Scam ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တဲ့လူတွေကိုတော့ နောက်တနေရာ ရွှေ့ထားပြီး ဖြစ်တာကို အတွင်းသတင်း ကြားသိနေရတယ်။ ဒါကို ရှေ့ဆက်စုံစမ်း စစ်ဆေးသွားမယ်”လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်ကစပြီး ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာ ထိုင်း - မြန်မာ နယ်စပ်တလျှောက် ရွှေကုက္ကိုလ်အပါအဝင် မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် စတဲ့ နယ်စပ်မြို့တွေကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ပေးတာတွေ ဖြတ်တောက်ခဲ့ပါတယ်။

တရုတ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၆ နိုင်ငံ ပူးပေါင်းပြီးတော့လည်း ဇင်ယော် စစ်ဆင်ရေး ဒုတိယလှိုင်းကို ဒီနှစ်ထဲ လုပ်ဆောင်သွားမယ်လို့ တရုတ် သံရုံးဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013