DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ထောက်ပံ့ငွေ  ၂၀,၀၀၀ စစ်ရှောင်ပြည်သူများမရ 
DVB
·
February 13, 2025
စစ်ကောင်စီ ထောက်ပံ့ငွေ  ၂၀,၀၀၀ စစ်ရှောင်ပြည်သူများမရ 
Donate to DVB

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ခေါင်းဆောင်က ငွေကျပ် ၂၀၀၀၀  ထောက်ပံ့ပေးတယ်ဆိုပေမဲ့  မြေပြင်မှာတော့ အကူအညီတွေမရကြဘူးလို့ စစ်ရှောင်ပြည်သူတွေနဲ့ စစ်ရှောင်ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။ 

နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ယာယီနေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေ အတွက် လူတယောက် ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ငွေတွေ စတင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့စစ်ရှောင်တွေ အတွက်ထောက်ပံ့ဖို့ စာရင်းလာကောက်မျိုးတွေမရှိသလို ထောက်‌ပံ့ငွေတွေလည်း မရရှိပါလို့ ရန်ကုန်မြို့မှာ စစ်ဘေးလာရှောင်နေတဲ့ တောင်ကုတ်ဒေသခံက ပြောပါတယ်။

“ကျနော်တို့ ထောက်ပံ့ငွေမရပါ။ ထောက်ပံ့ဖို့အတွက်စာရင်းလာကောက်တာမျိုးလည်းမရှိပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း အကြောင်းကြားလာတာမျိုး မရှိသေးပါ။ အဲဒီလို ၂၀၀၀၀ ကျပ် ထောက်ပံ့မယ်ဆိုရင် ကြောက်တောင်ကြောက်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေ ၂၀၀၀၀ နဲ့ စာရင်းကောက်ပြီးတော့ ဆွဲစိသွားမှာကြောက်လို့။ ငွေ ၂၀၀၀၀ ပေးမယ်ဆိုပြီးတော့ တဖက်လှည့်နဲ့ data တွေ ကောက်ယူပြီးတော့ စစ်မှုထမ်းစာရင်းထဲထည့်မှာကို အဲလိုမျိုးတောင် ကြောက်နေရတယ်။ စေတနာရှိလို့ ပေးတယ် ဆိုတာထက် ထောင်ချောက်တခုလို့ပဲ မြင်ပါတယ်။ အပေးပြတယ်လို့ပဲ မြင်ပါတယ်။ တကယ့် မြေပြင်မှာရတယ်ဆိုတာကို ကြားမှမကြားရတာ။”

ဒီလိုကူညီထောက်ပံ့တာတွေမရတဲ့အပြင် ရန်ကုန်မြို့မှာ ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထား သူတွေဆိုရင် စစ်ဆေးဖမ်းဆီးခံရတယ်လို့ ရခိုင် စစ်ရှောင်လာသူတွေက ပြေပါတယ်။

စစ်ခေါင်းဆောင်ကတော့ ထောက်ပံ့ငွေတွေကို ၂ဝ၂၅ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ လစဉ် ထောက်ပံ့ ပေးသွားမယ်လို့ ပြောပါတယ်။

ထောက်ပံ့ငွေတွေပေးအပ်ရာမှာ သက်ဆိုင်ရာနယ်မြေတွေအလိုက် ယာယီ နေရပ်စွန့်ခွာ နေရသူတွေ အားလုံးပါဝင်ပြီး စာရင်းမှာကျန်နေခဲ့တဲ့သူမရှိရအောင် ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တယောက်က “စစ်ကောင်စီက ပေးတယ်လို့တော့ တခါမှ မကြားဖူးပါဘူး။ တစ်လ ၂၀၀၀၀ မကလို့ ဘယ်လောက်ပဲ ထောက်ပံထောက်ပံ့ စစ်ကောင်စီကထောက်ပံ့တာ မှန်လို့ရှိရင်တော့ ကျနော်တို့မိသားစုအနေနဲ့ ယူဖို့ စိတ်ကူးလည်းမရှိဘူး။ ယူဖို့ဆန္ဒလည်းမရှိပါဘူး။ ဒီလောက်ငွေကလည်း ဘယ်သူ့အတွက်မှ ဘာမှ မဖြစ်လောက်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ဘဝတွေအကုန်လုံးကိုစုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးပြီးတော့မှ ဒီ ၂၀၀၀၀ နဲ့လာပြီးတော့ ချွေးသိပ်တာမျိုးကို လက်မခံတာပေါ့နော်”လို့ ပြောပါတယ်။

လက်တွေ့မှာတော့ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ပေးအပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO ၊ INGO တွေကို သွားလာခွင့် ကန့်သတ်ထားပါတယ်။

တဖက်မှာလည်း အာဆီယံလိုအဖွဲ့တွေက   လူသားချင်းစာနာမှုအကူအညီတွေကို စစ်ဘေးရှောင်တွေနဲ့ ဒုက္ခကြုံနေရတဲ့ ပြည်သူတွေဆီ တိုက်ရိုက်မပေးဘဲ  စစ်ကောင်စီကနေ တဆင့်ပေးအပ်နေလို့ အကူအညီတွေ ထိရောက်မှုမရှိ ဖြစ်နေပါတယ်။ 

တဘက်မှာလည်း စစ်ခေါင်းဆောင်အနေနဲ့ ထောက်ပံ့ပေးမယ်ဆိုတာ ဟန်ပြသက်သက်သာဖြစ်ပြီး စစ်ရှောင်တွေရဲ့ အချက်အလက်တွေကို ရယူကာ ရွေးကောက်ပွဲအတွက် မဲလိမ်ယူမှာပါလို့ S &C မီးဘေးစစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့က တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

“ဒါက မဲဝယ်ဖို့အတွက် လုပ်တဲ့ ပုံစံမျိုးလို့ မြင်ပါတယ်။ မြေပြင်ကနေ အိမ်ထောင်စု၊ မှတ်ပုံတင် နံပါတ်တွေတောင်းပြီး ၂၀၀၀၀ ကျပ်ထောက်ပံ့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မဲလိမ်ယူမှာပါဗျ။ စစ်ရှောင်တွေအတွက် တလ ၂၀၀၀၀ ဆိုတာက ဘယ်လိုမှအဆင်မပြေနိုင်တာလေ။ တကယ်တမ်းက ဒါက နိုင်ငံတကာကို ပုံရိပ်ပြချင်တာရယ်၊ ဒီရွေးကောက်ပွဲအတွက်ရယ်ပေါ့။ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှ မလုပ်ဘူးဆိုတာသေချာပါတယ်။ ဘာမှဖြစ်မြောက်မှာလည်း မဟုတ်ပါဘူး။ နာမည်ထွက်ရုံလောက်ပဲ လုပ်တဲ့ပုံစံမျိုးပါ ထိရောက်မှုကတော့ရှိမှာမဟုတ်ပါဘူး။”

မြန်မာနိုင်ငံတဝန်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၆ ဒသမ ၆ သန်းအထိ ရှိလာပြီလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP - Myanmar က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးရှောင် ဦးရေ ၂ ဒသမ ၈ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က စစ်ဘေးရှောင် ၈ သိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ၆ သိန်းကျော်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013