
ရဝမ်ဒါ ကျောထောက်နောက်ခံပြု M23 သူပုန်တွေဟာ ရှေ့ဆက်ချီတက်နေချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် လုယက်မှုတွေနဲ့ ဂိုမာလေဆိပ်ကို ပိတ်ပစ်တာတွေကြောင့် ကွန်ဂိုအရှေ့ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်ခဲ့ရတယ်လို့ ကွန်ဂိုရှိ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဘရူနို လူမားကီးက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း သိုလှောင်ရုံတွေက ဒေါ်လာသန်းချီတန်တဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ၊ အစားအစာနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ လုယက်ခံရကြောင်း လူမားကီးက အစီရင်ခံပါတယ်။
ကွန်ဂိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကူအညီ အမှီခိုရဆုံး နိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထဲက ဒေါ်လာ ၉၁၀ သန်းဟာ အမေရိကန်ကနေ လာတာကြောင့် မှီခိုနေရတဲ့ အကူအညီ ၇၀ ရာခိုင်နှုန်းရှိကြောင်း ကုလအရာရှိ လူမားကီးက ပြောပါတယ်။
လတ်တလောမှာ အမေရိကန်အကူအညီတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ရန်ပုံငွေ အကျပ်အတည်းကို အကြီးအကျယ်ကြုံနေရပြီး မိတ်ဖက်အတော်များများကလည်း သူတို့ရဲ့ စီမံမှုတွေကို ရပ်ဆိုင်းထားရတာကြောင့် အဲဒါကို အစားထိုးနိုင်ဖို့ တခြားရွေးချယ်စရာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းက M23 သူပုန်တွေ မြို့ကို သိမ်းပိုက်ပြီးကတည်းက ဂိုမာလေဆိပ်ကို ပိတ်ပစ်လိုက်တာကြောင့် အကူအညီပေးရေးကို ပိုမိုရှုပ်ထွေးသွားခဲ့ပါတယ်။
လောလောဆယ်မှာ အကြောင်းအမျိုးမျိုးကြောင့် လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး လေဆိပ်ရဲ့ အခြေအနေနဲ့ ထိန်းချုပ်ရေးမျှော်စင် အခြေအနေ အပါအဝင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိုးရိမ်မှုတွေ၊ အထူးသဖြင့် ကွန်ဂိုအစိုးရလက်အောက်ရှိ လေပိုင်နက် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စတွေနဲ့ အချုပ်အခြာအာဏာနဲ့ အုပ်ချုပ်မှုဆိုင်ရာ ပြဿနာတွေ ရှိနေတာပါ။
M23 သူပုန်တပ်ဖွဲ့တွေဟာ တောင်ပိုင်း ကီဗူးပြည်နယ်ရဲ့ မြို့တော် ဘူကာဗူကို ခြိမ်းခြောက်နေပြီး သူပုန်တွေဟာ ဂိုမာနဲ့ ဘူကာဗူ အကြားရှိ အီဟူစီမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ပါတယ်။
အကျပ်အတည်းက ပိုပြီးနက်ရှိုင်းလာတာကြောင့် ကွန်ဂိုရှိ ကက်သလစ်ဘုရားကျောင်း ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့က M23 မဟာမိတ်သူပုန်ခေါင်းဆောင် ကော့နေး နွန်ယာနဲ့ တွေ့ဆုံခဲ့ပြီးတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို တိုက်တွန်းခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက တိုက်ပွဲတွေကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ပြီး လူပေါင်း ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
M23 သူပြန်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ဂိုမာမြို့တော် ငြိမ်သက်သွားချိန်မှာပဲ သူပုန်တွေက စစ်ရှောင်စခန်းတွေကနေ ထွက်သွားကြဖို့ အမိန့်ပေးခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ မြို့တွင်းရှိ စခန်းတွေကနေ ထွက်ခွာနေကြပါတယ်။
Source : Reuters










