DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်း စတင်၊ Facebook မှ တိုက်ရိုက် ထုတ်လွှင့်မည်
DVB
·
February 13, 2025
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်း စတင်၊ Facebook မှ တိုက်ရိုက် ထုတ်လွှင့်မည်
Donate to DVB

နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းကို ဖခင်ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့က စတင် ကျင်းပနေပါတယ်။

ဒီကမ်ပိန်းကိုတော့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အခုည မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ ဖွင့်ပွဲအခမ်းအနားကို Suu 80 Birthday Campaign ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်လို့ ကမ္ဘာတဝန်းက မြန်မာနိုင်ငံသူနိုင်ငံသားတွေ တက်ရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ အကယ်ဒမီ မေဝင်းမောင်၊ အဆိုတော် တူးတူး၊ ဖြူဖြူကျော်သိန်း၊ အလှမယ် ထားထက်ထက်၊ မေမြတ်နိုး၊ လူရွှင်တော်စိန်သီး စသူတွေလည်း ပါဝင်ဖို့ရှိနေပါတယ်။ 

ကင်မ်အဲရစ်က “ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းလှပါတယ်။ သားဖြစ်သူက အမေ့အတွက် အသက် ၈၀ ပြည့်မွေးနေ့ပွဲလေးကို အမေ့ကိုချစ်တဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူတကွ အထိမ်းအမှတ်လေးတခု ပြုလုပ်ပေးပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည်တွင်းမှ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိတာတွေကို အမေ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အတူတူ ထောက်ပံ့ပေးသွားမယ့် ရည်ရွယ်ချက်လေး ဖြစ်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန်ကိုလည်း အရေအတွက် ၈,၀၀၀ သာ ထုတ်ဝေမှာဖြစ်ပြီး ဒီကနေ့ကနေ လာမယ့် မတ် ၂၂ ရက်အထိ ရောင်းချသွားမှာဖြစ်ကာ နိုင်ငံအလိုက် Fundraiser တွေကတဆင့် Preorder ကြိုတင် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ်ပိန်းအနေနဲ့ နောက်ထပ် အစီအစဉ် ၂ ခုကိုပါ ဆက်လက် စီစဉ်ထားပြီး အဲဒါတွေကတော့ ကမ္ဘာတဝန်းက မွေးနေ့ဆုတောင်းဗီဒီယိုတွေ စုဆောင်းကာ Guinness World Record Book  ကမ္ဘာ့စံချိန်ချိုးနိုင်အောင် ပြသသွားမယ့်အပြင် အမေ့အတွက် မွေးနေ့ဆုတောင်း Electronic Birthday Card တွေ ဝယ်ယူပြီးတော့ မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့နိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးအကျဉ်းချထားဖြစ်ပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသလို ထောင်ဝင်စာတွေခွင့်လည်း မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတာ ဖြစ်ပါတယ်။

မိခင်ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ခေါင်းဆောင်ဆီ  စာပေးပို့ တောင်းဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို  စုစုပေါင်း အမှု ၁၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013