DVB Logo
Home
Lead Story
တမတ်သား ကြင်စိုး (သရော်စာ)
DVB
·
February 13, 2025
တမတ်သား ကြင်စိုး (သရော်စာ)
Donate to DVB

(က)

အဘစိမ်းမောင်တို့အိမ်မှာ ထမနဲထိုးလေရာ ကျွန်ုပ်တို့ ရောက်ရှိကြပါ၏။ အဘစိမ်းမောင်၏ ရေ‌နွေးကြမ်းကား အတော့်ကို ခါးလှပါပေ၏။

“ဟေ့ကောင် စိမ်းမောင် . . . မင့်အကြမ်းရေက ‘ပြင်း’လှချည်လားကွာ”

“ဟေ့ကောင် မူးသာ၊ ချေးများမနေနဲ့၊ ငါတို့အိမ်က အဲသည်လို ‘အပြင်းစား’တွေပဲ ကြိုက်တာကွ”

“ဟုတ်တယ်ကွ မူးသာရ၊ ဒီကောင့်ရေ‌နွေးကြမ်း ‘ပြင်း’လွန်းလို့ အရက်သမားတွေတောင်မှ ရှုံ့မဲ့ပြီး သောက်ရတာ”

“လုံးတုံးကတော့ လုပ်ပြီ”

“ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင့်သား အကြီးကောင် လေမောင်က ထမနဲပန်းကန် လာချပေးရင်း သူ့ဖုန်းထဲက ဖွင့်ထားသောသီချင်းကို လိုက်၍ဆိုနေပါ၏။

“မိုးအုံ့လို့ သစ်ရွက်လေးတွေ ငြိမ်နေရင် တိမ်တွေ ပြိုတော့မှာ ကြိုသိတယ်၊ ဝါဆိုရယ် သိပ်သတိရမိတယ်…”

“ပုန်းညက်တို့ ရောက်ရှိကြောင်းကို ‌ကြေညာကာ ငွေမှုန်ငွေစတွေ ရွာတော့ကွယ် ဝါဆိုရယ် သိပ်သတိရမိတယ်”

အဘစောမူးသာက ကျွန်ုပ်နှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့အား အဓိပ္ပာယ်ပါပါ လှမ်းပြုံးပြလာပါလေရာ များမကြာခင်မှာ ‘သော’တော့မှာဟု ထင်ရပါ၏။

“ဟေ့ကောင် လေမောင် . . သီချင်းလေးက ကောင်းသလို မင်းအသံနဲ့လည်း သိပ်လိုက်ဖက်တာပဲ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ဟုတ်လား အဘ၊ ဒီသီချင်းလေးကို ကျုပ် သိပ်ကြိုက်လို့ ကာရာအိုကေ ဆိုနေကျဗျ”

“ဟုတ်လား၊ အဲသည်သီချင်းရေးတဲ့ ဆရာကိုရော မင်းတို့သိလား”

“ဟုတ်ကဲ့အဘ၊ ‘နိုင်မြန်မာ’ တဲ့”

“အမှန်ပဲကွ လေမောင်ရ၊ ဒီသီချင်းလေးကတော့ လုံး၀ ‘အချိုလေး’ ပေါ့ကွာ၊ မင်းတို့အဖေ စိမ်းမောင်ကတော့ ကြိုက်ပုံမရဘူး၊ သူက ‘ပြင်း’မှ ကြိုက်တဲ့သူ မဟုတ်လား”

“ဟွန့် . . . ငါ့ကို ဆွဲထည့်လာပြန်ပြီ”

ထိုအခါ အဘစောမူးသာက ဤသီချင်းရေးဆရာ နိုင်မြန်မာမှာ ယခုရက်ပိုင်းမှာပင် အသက် ၆၈ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွား၍ နှမြောမိ‌ကြောင်း ‌ပြောပါလေ၏။

“ဆရာနိုင်မြန်မာက ‘အချိုလေး’ တွေကို အရသာရှိအောင် ဖွဲ့တတ်သလို ‘အပြင်းစား’ တွေကိုလည်း စိတ်ဓာတ်တက်ကြွလာအောင် ရေးဖွဲ့စပ်ဆိုနိုင်တဲ့ ပညာရှင်တဦးကွ”

“ဟုတ်ကဲ့ အဘ”

“ဟိုသီချင်းဆိုရင် မင်းတို့အဖေ စိမ်းမောင်လို အပြင်းစားကြိုက်တဲ့ကောင်နဲ့ အံကိုက်ပဲဟ”

“ဘယ်သီချင်းလဲ အဘ”

အဘစောမူးသာနှင့် အဘလုံးတုံးတို့က ၈၈ လူထုတော်လှန်ရေးကာလက ဆရာနိုင်မြန်မာ၏ ‘ကမ္ဘာမကြေဘူး’ သီချင်းကို ဆိုပြပါလေ၏။

“ကမ္ဘာမကြေဘူး . . . ငါတို့‌သွေးနဲ့ ‌ရေးခဲ့ကြတဲ့ မော်ကွန်းတွေ . . . ‌တော်လှန်ရေး . . . ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော . . . ‌သြော် . . . သူရဲကောင်းတို့ရေ . . . အာဇာနည်တွေ နေတဲ့ တိုင်းပြည် . . . ရဲရဲတောက် ဒို့ပြည်သူတွေ”

“ကိုယ်တော်မှိုင်း . . . ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေ့ . . . သခင်အောင်ဆန်း . . . နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ့ . . . ‌သြော် . . .လုပ်ရက်ကြပေ . . . ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ . . . အတုံးအရုံး လဲ ပြိုကာနေ”

“ညီအစ်ကိုတို့ . . . ပေတစ်ရာပေါ်မှာ စီးတဲ့သွေးတွေ မ‌ခြောက်သေးဘူး . . . မတွေဝေနဲ့ . . . ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော . . . ‌သြော် သူရဲကောင်းတို့လို . . . ခိုင်မာ ပီပြင် တော်လှန်ပစ်မလေ . . . ဒို့ချစ်တဲ့ ဒို့ဇာနည်တွေ”

(ခ)

အဘစိမ်းမောင် မျက်စိမျက်နှာပျက်ကာ “ဒီကောင်တွေနဲ့တော့ ခက်နေပြီ” ဟု ညည်းပါလေ၏။

အဘစောမူးသာက “မင်းက ခပ်ပြင်းပြင်းမှ ကြိုက်တာမို့ ဆိုပြတာပါကွာ” ဟု ‌ပြောပါ၏။

“တော်ကွာ မူးသာ၊ ခေတ်ကြီးက ကောင်းတာမဟုတ်ဘူးဟ”

“ခေတ်ကြီးပျက်နေတယ်လို့ မင်း‌ ပြောတာလား”

“အဲ . . .”

“မင်းတို့ ကိုးကွယ်တော်မူနေတဲ့အဘ မအလကို အားနာစရာကွာ”

“တော်ကွာ”

“ဟားဟား ဟားဟား ဟားဟား”

သို့ဖြင့် အဘစိမ်းမောင့်သား လေမောင်က စိတ်ဝင်တစား မေးမြန်းလာတာတွေကို အရွှင်အဘတွေ ‌ဖြေရပါလေ၏။ တေးရေးဆရာ နိုင်မြန်မာ၏ အခြားနာမည်ကျော် တေးသီချင်းများကို ပြောပြကြပါ၏။ နိုင်ငံရေးနှင့်ဆက်နွှယ်သည့် သီချင်းအများအပြားကို ‌ပြောပြ ဆိုပြနေလေရာ အဘစိမ်းမောင်က “တိုးတိုးဟ” ဟု ဟိုကြည့်သည်ကြည့် လုပ်ကာ ပြောပါ၏။

“တကယ်တော့ ဆရာနိုင်မြန်မာဟာ သီချင်းတင် အရေးကောင်းတာ မဟုတ်ဘူး၊ ကဗျာလည်း သိပ်အရေးကောင်းတဲ့သူကွ လေမောင်ရ”

“‌သြော် . . . ဟုတ်လား အဘ”

နိုင်ငံရေးသီချင်းတွေဘက်ကနေ ကဗျာဘက်လှည့်သွားတော့ အဘစိမ်းမောင်လည်း သက်သာရာရသလို ဖြစ်လာပါလေ၏ ခင်ဗျာ။

“ဆရာနိုင်မြန်မာက ဘယ်လို အကြောင်းအရာတွေကို ကဗျာဖွဲ့တာများလဲကွ မူးသာရ”

“များသောအားဖြင့်တော့ မင်း ကြိုက်တဲ့ ‘ခပ်ပြင်းပြင်း’ တွေပေါ့ စိမ်းမောင်ရ”

“ဟမ် . . .”

အဘစိမ်းမောင်မှာ ခွကျနေပုံရပါ၏။ လေမောင်ကား ဆရာနိုင်မြန်မာ၏ ကဗျာများကို ရွတ်ပြပါရန် တောင်းဆိုပြန်ပါလေရာ အဘစိမ်းမောင်မှာ ချွေးများပြန်လာပုံရပါ၏ ခင်ဗျာ။

“အေးကွ . . . ငါ တပုဒ် ရွတ်ပြမယ်”

ပြောပြီးတော့ သူ၏ ဖုန်းမှတ်စုထဲမှာ ရှာနေပါလေ၏။ 

မကြာခင် သူ၏မျက်နှာမှာ ပြုံးလာကာ ကဗျာမရွတ်ခင် ‌လည်ချောင်းရှင်းချင်သည် ဆိုပြီး “ငှဲ့ပါအုံး စိမ်းမောင်ရ၊ မင်းရဲ့ ‘အပြင်းစား’လေးတခွက်လောက်” ဟု ‌ပြောပါ၏။

ပြီးတော့ ငါ အခုရွတ်မယ့်ကဗျာက ‘ဤခရီး နီးသလား’ လို့ ဆရာနိုင်မြန်မာက အမည်ပေးထားတယ်ကွ” ဟု ဆိုပြီး ဋ္ဌာန်ကရိုင်းကျစွာ ရွတ်ပြပါလေတော့၏။

‘ရွေးကောက်ပွဲ’ ကြည့်တော့

မခံချိ မခံသာ . . .

‘ခွေး’ လောက်ပဲသိတော့

ကြံ မိ ကြံ ရာ . . .

ရ န် မ ရှိ ရ န် ရှာ . . .

‘တမတ်သား’ အကျိုးအပဲ့

တနပ်စား ‘သူခိုးအဖွဲ့’ က

သေနတ်အားကိုးနဲ့

‘ရန်မရှိရန်ရှာ’

သမိုင်းနဲ့ချီကာ ပူနေရတာကြောင့်

တိုင်းပြည်မှာ မဆူရအောင်

‘ကိုင်း’ ဒီတခါ အတူတကွ

ဝိုင်းညီညာ ကူမလို့

နည်းလမ်း အတိအကျနဲ့

‘တထီးတနန်း’ အမိအရဖွဲ့ဖို့

‘စည်းကမ်း’ ရှိကြလကွဲ့ . . .

အသင်းအပင်းတွေကို ပစ်ချခဲ့ အချင်းချင်းတွေ ပိုချစ်ကြ ဟဲ့”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013