
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၁၀ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ တက်ရောက်လာသူတွေကို ဗိုလ်ချုပ် ကြိုက်နှစ်သက်ခဲ့တဲ့ ပဲပြုတ်၊ နံပြားနဲ့ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ မွေးနေ့ပွဲကျင်းပနေသူတွေက ပြောပါတယ်။
ကျွေးမွေးဧည့်ခံတဲ့ အမျိုးသမီးတယောက်က “မွေးနေ့ကို နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။ ကျမနဲ့အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးဘက်တော်သားတွေက ဗိုလ်ချုပ်မွေးနေ့အဖြစ် စုပေါင်းလုပ်နေကျပါ။ ခုလည်း ဒီကနေ့မှာကျရောက်တဲ့ ဗိုလ်ချုပ် ၁၁၀ နှစ်ပြည့်မွေးနေ့အဖြစ် ကျမ မိတ်ဆွေတွေနဲ့ ပဲပြုတ် နံပြားလှူဒါန်းခဲ့တယ်”လို့ DVB ကို ပြောပါတယ်။
နှစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကျရောက်တိုင်း မြန်မာနိုင်ငံမှာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပွဲနဲ့ ကလေးများနေ့ အခမ်းအနားတွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြတာပါ။
စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ လွတ်မြောက်နယ်မြေရောက် တော်လှန်ပြည်သူတွေက ဗိုလ်ချုပ်မွေးနေ့ ဆုတောင်းပွဲတွေနဲ့ ဗိုလ်ချုပ် ကြိုက်နှစ်သက်ခဲ့တဲ့ ပဲပြုတ်နဲ့ နံပြား လှူဒါန်းကျွေးမွေးကြတာ ဖြစ်ပါတယ်။