DVB Logo
Home
မြန်မာသတင်း
ထိုင်းရထားတိုက်မှုမှ သေဆုံးမြန်မာအမျိုးသမီးအလောင်း ထုတ်မရသေး၊  ခင်ပွန်းဖြစ်သူ သတိမေ့မြော 
DVB
·
May 21, 2026
Photo: Thai Rath
Photo: Thai Rath
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေ ၁၆ ရက်က ရထားနဲ့ ဘတ်စ်ကားတိုက်မိလို့  သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေထဲမှာ  အသက် ၃၃ နှစ်ရွယ် မြန်မာအမျိုးသမီး မအေးအေးမြင့်ရဲ့ အလောင်းကို ခင်ပွန်းဖြစ်သူလည်း လာရောက်ထုတ်ယူခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မတော်တဆမှုမှာ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက ဘာသာရေးအရ သင်္ဂြိုဟ်ဖို့ ဘန်ကောက် ရဲဆေးရုံ မှုခင်းဆေးပညာသိပ္ပံဌာနမှာ မေ ၂၀ ရက်မနက်က သွားရောက်ထုတ်ယူခဲ့ကြပါတယ်။ 

မြန်မာအမျိုးသမီးရဲ့ အလောင်းကတော့ စာရွက်စာတမ်း အထောက်အထားမပြည့်စုံတာ၊ စစ်အာဏာရှင် မြန်မာသံရုံးနဲ့ ဆက်သွယ်ညှိနှိုင်းနေတာကြောင့် ချက်ချင်းထုတ်လို့ မရသေးပါဘူး။ 

သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အလောင်းကြည့်ရှုစဉ် မအေးအေးမြင့်ရဲ့ ခင်ပွန်းဟာ ဖြေမဆည်နိုင်ဘဲ နေရာမှာတင် သတိလစ်မေ့မြောသွားတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ရှေးဦးသူနာပြုစုပြီး  အဲဒီနေရာကနေ ခေါ်ထုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

မအေးအေးမြင့်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ပြီး  မြန်မာပြည်က မိဘနှစ်ပါးနဲ့ မိသားစုဝင်တွေကို ရှာဖွေကျွေးမွေးနေသူ ဖြစ်တယ်။ အခင်းဖြစ်တဲ့နေ့က သူဟာ အိမ်ပြန်ဖို့ ဘတ်စ်ကား စီးလာစဉ် မှတ်တိုင်အနည်းငယ်သာ ကျော်ခဲ့ပြီး မီးရထားက အရှိန်နဲ့ဝင်တိုက်လို့ မီးလောင်တဲ့ထဲ ပါသွားကာ သေဆုံးသွားခဲ့ရတာလို့  ဆွေမျိုးတွေဘက်က ပြောပါတယ်။ 

အဲဒီနေ့က သေဆုံးသူ ထိုင်းနိုင်ငံသား ၅ ယောက် (အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၂ ယောက်) နဲ့ မြန်မာနိုင်ငံသားတယောက်၊ စုစုပေါင်း ၆ ယောက်ရဲ့ အလောင်းကို ဆွေမျိုးတွေ လာရောက်ထုတ်ယူကြတယ်။ ကျန်တဲ့ ၂ ယောက်မှာ ချင်းမိုင်ခရိုင်ကဖြစ်ပြီး သက်ဆိုင်ရာ ဆွေမျိုးတွေက သူတို့နဲ့သက်ဆိုင်တဲ့ အလောင်း ဟုတ်၊ မဟုတ် DNA စစ်ဆေးနေရဆဲလို့ ဆိုပါတယ်။ 

သေဆုံးသူ အများစုဟာ မီးလောင်နေတဲ့ ဘတ်စ်ကားပေါ်က ဖြစ်တာကြောင့် တချို့မှာ မည်သူမည်ဝါမှန်း မသိရလောက်အောင် မည်းတူးနေတာ ဖြစ်ပါတယ်။ 

ဆိုးရွားတဲ့ မတော်တဆထိခိုက်မှုမှာ သေဆုံးသွားရသူတွေအတွက် လွန်စွာဝမ်းနည်းကြောင်းနဲ့ သူတို့ရဲ့ အာမခံရန်ပုံငွေကနေ တဦးလျှင် ဘတ် ၂,၃၉၀,၀၀၀ ကနဦး ထောက်ပံ့ပေးမယ်လို့  ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပရကန်က ရထားတိုက်မှု သေဆုံးသူ တယောက်ရဲ့ ဈာပနအခမ်းအနားမှာ ပန်းခွေချစဉ် ပြောကြားခဲ့ပါတယ်။ 

အဆိုပါ မတော်တဆထိခိုက်မှုမှာ ဒဏ်ရာရသူ ၃၂ ယောက်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားလို့ ယူဆရသူအချို့လည်း ပါဝင်ပါတယ်။ စောခင်မောင်ဝင်း ဆိုသူကတော့ ဆေးရုံက ဆင်းသွားပြီလို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

မေ ၁၆ ရက် ရထားနဲကား တိုက်တဲ့ဖြစ်စဉ်က ဒဏ်ရာရသူတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ဆေးရုံ (အစိုးရဆေးရုံ) တွေမှာ တက်ရောက်ကုသနိုင်ပြီး ဆေးဖိုးဝါးခ ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်အစိုးရ ပြည်သူ့ကျန်းမာရေးဌာနမှ ကျခံပေးမှာ ဖြစ်တယ်။ ကြိုတင်ငွေစိုက်စရာ မလိုဘူးလို့  ဝန်ကြီးများရုံးက ထုတ်ပြန်ကြေညာထားပါတယ်။ 

Source : Thairath / CH7 TV News 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013