DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းနည်းဥပဒေကြောင့် အလုပ်ရှင်က အလုပ်သမားများ အလုပ်ထွက်ရန် ဖိအားပေး
DVB
·
February 12, 2025
စစ်မှုထမ်းနည်းဥပဒေကြောင့် အလုပ်ရှင်က အလုပ်သမားများ အလုပ်ထွက်ရန် ဖိအားပေး
Donate to DVB

စစ်မှုထမ်းစဉ်ကာလမှာ အလုပ်ရှင်ဘက် အခကြေးငွေ စီစဉ်ပေးရမယ်ဆိုတဲ့ စစ်မှုထမ်းနည်းဥပဒေပါ အချက်တွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေက  ဖိအားနဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ 

အလုပ်သမားတယောက်ကို စစ်မှုထမ်းစဉ်ကာလမှာ အလုပ်ရှင်ဘက်က အခကြေးငွေ စီစဉ်ပေးရမယ်ဆိုတဲ့ စစ်မှုထမ်းနည်းဥပဒေပါ အချက်တွေကြောင့် အလုပ်ရှင်တွေအနေနဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရသလို အလုပ်သမားတွေဘက်ကလည်း စစ်မှုထမ်းစာရင်းပါရင် အလုပ်ထွက်ဖို့ ဖိအားပေးခံရတာတွေ ကြုံနေရပါတယ်။

အသက် ၂၀ ကျော်အရွယ် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းတယောက်က စစ်မှုထမ်းစာရင်း ကောက်ယူခံရပြီးတဲ့နောက်မှာ အလုပ်ရှင်ဘက်က ကိုယ်တိုင်အလုပ်ထွက်ဖို့ ဖိအားပေးလာတာတွေ ရှိတဲ့အတွက် ဥပဒေဆိုင်ရာ အကြံဉာဏ်ရယူဖို့ ဥပဒေကျွမ်းကျင်ပညာရှင်ကို အကူအညီတောင်းခံလာတယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။

“ဒီစစ်မှုထမ်းစာရင်းထဲ ပါတယ်ဆိုတာနဲ့ မေးပြီးတော့ သူ့ကို အလုပ်ထွက်ဖို့ ဖိအားပေးနေတာ။ ပေးရမယ်ဆိုတဲ့ဟာကို မပေးချင်တဲ့အတွက်ကြောင့် စစ်မှုထမ်းစာရင်းထဲ ပါပြီဆိုတာနဲ့ အဲဒီဝန်ထမ်းကို အလုပ်ထုတ်မယ်ဆိုတဲ့သဘော ပြောတာလေးတွေ  ကြားရတယ်။ ဒါဟာ ပြဿနာတခုဖြစ်လာနိုင်တယ်။ အလုပ်ရှင်တွေအတွက်လည်း ဒါဟာ အရမ်းကို ခက်ခဲတယ်။ အလုပ်သမားတွေ ဝန်ထမ်းတွေအတွက်ကျတော့ ဘယ်ကနေ ဘယ်လိုတောင်းရမှာလဲ၊ ဘယ်လိုပုံစံလုပ်ရမယ်ဆိုတာ မထည့်ထားဘူး၊ ဒါဟာ လက်တလုံးခြားလုပ်ဖို့အတွက် ခွင့်ပြုထားတယ်ဆိုတာမျိုး သက်ရောက်နေတယ်။”

ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေပါ ပုဒ် ၄၄ နဲ့ ၄၅ အရ အလုပ်သမားတယောက်က ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရတဲ့အခါ အလုပ်ရှင်ဘက်က အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန နည်းဥပဒေ အမိန့်ညွှန်ကြားချက်တွေအကြောင်း ဆောင်ရွက်ပေးမှာ ဖြစ်ပြီး စစ်မှုထမ်းကာလ ပြီးဆုံးရင်လည်း မူလအလုပ်အကိုင် ဒါမှမဟုတ် အလားတူ အလုပ်အကိုင်တွေမှာ ခန့်အပ်ပေးရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဖော်ပြချက်တွေထဲမှာတော့ တိတိကျကျ ဘယ်လောက်ပမာဏကို အချိန်ဘယ်လောက် ကြာတဲ့အထိ ပေးရမယ်ဆိုတာမျိုးတော့ ထည့်သွင်းရှင်းပြထားတာ မရှိပါဘူး။

အလုပ်ရှင်တွေဘက်ကလည်း လုပ်ငန်းလည်ပတ်စရိတ်နဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် အလုပ်သမားအသစ်ခေါ်ယူဖို့ စရိတ်အပြင် စစ်မှုထမ်းသွားမယ့် အလုပ်သမားအတွက်ပါ အခကြေးငွေပေးဆောင်ဖို့ မတတ်နိုင်ကြောင်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ဒီအချိန်မှာ အလုပ်ရှင်က အမြဲတမ်း လခပေးထားဖို့ကျတော့ ဘယ်အလုပ်ရှင်မှ လုပ်နိုင်မှာမဟုတ်ဘူး၊ မလုပ်နိုင်တဲ့အခါကျတော့ အလုပ်ထုတ်တာတွေ ဖြစ်လာမှာ၊ ပြောရရင်တော့ လူတွေအားလုံးက ကိုယ်လွတ်ရုန်းကြမှာ။ အခုအခြေအနေနဲ့ အခုဖြစ်နေတဲ့ ကုန်ဈေးနှုန်းရော မီးမလာလို့ မီးစက်မောင်းရလို့ ဒီဇယ်ဖိုးတွေ ဒါတွေအကုန်လုံးနဲ့မှ အလုပ်ရှင်တွေက အလုပ်သမားတယောက်ကို သူ့ဆီမှာလည်း မသုံးဘဲ လစပေးထားပြီး နောက် ဝန်ထမ်းလည်း ထပ်ရှာရမယ်ဆို ဘယ်လိုအဆင်ပြေမှာလဲ၊ အလုပ်ရှင်အနေနဲ့ ဒီဝန်ထမ်းကို ထုတ်လိုက်တယ်ပဲ ထားဦး၊ နောက်ခန့်တဲ့ ဝန်ထမ်းမှာလည်း ဒီလိုသာ ထပ်ဖြစ်မယ်ဆိုရင် ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။”

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို ဆက်တိုက်ဆိုသလို စစ်မှုထမ်း တပ်သားသစ်တွေ စုဆောင်းတာကိုပါ စစ်ကောင်စီက လုပ်ဆောင်နေခဲ့တာပါ။

အခု ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်မှာတော့ စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုထုတ်ပြန်လိုက်ပြီး  နည်းဥပဒေကို မလိုက်နာတဲ့သူတွေကို အပြစ်ပေး အရေးယူတာတွေကိုပါ လုပ်ဆောင်လာခဲ့ပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013