
မြန်မာနိုင်ငံဟာ ကလေးစစ်သား စုဆောင်းမှု မြင့်တက်တဲ့နိုင်ငံတွေထဲ ပါဝင်နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် အပြည်ပြည်ဆိုင်ရာ ကလေးစစ်သားအသုံးပြုမှု ဆန့်ကျင်ရေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၊ မာလီနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေနဲ့အတူ ကလေးစစ်သား စုဆောင်းမှုမှာ ရင်ပေါင်တန်းနေဆဲဖြစ်ပြီး ကမ္ဘာတဝန်း မှတ်တမ်းတွေအရ အရေအတွက်စုစုပေါင်း ၈,၆၀၀ ကျော်ရှိနေပြီး အရေအတွက် ပိုပြီး မြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုပေါင်း ၁၂၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေအတွက် အန္တရာယ် ပိုကြီးထွားလာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဆန့်ကျင်ရေးနေ့မှာ အနီရောင် လက်ဖဝါးပုံ ရေးဆွဲပြီး ကလေးစစ်သား စုဆောင်းမှု ရပ်တန့်ဖို့ လှုပ်ရှားမှုမှာ မျှဝေကြဖို့ကိုလည်း တိုက်တွန်းထားပြီး ဥရောပသမဂ္ဂအနေနဲ့ ကလေးစစ်သား အသုံးပြုမှုကို ရပ်တန့်လိုသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ထောက်ပံ့မှုတွေ ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှုကို ဥပဒေအရ တားမြစ်ထားပေမဲ့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးထောင်ပေါင်းများစွာကို စစ်သားအဖြစ် စုဆောင်းနေဆဲ ဖြစ်တယ်လို့ ကလေးစစ်သားများဆိုင်ရာ အစီရင်ခံစာတွေမှာ ဖော်ပြထားခဲ့ဖူးပါတယ်။